ပြည်သူ့စစ်မှုထမ်းများ၏ ဂုဏ်ယူဖွယ်အိမ်ပြန်ခရီးအား မိဘဆွေမျိုးမိသားစုဝင်များသာမက ဒေသခံပြည်သူလူထုကပါ ဝမ်းမြောက်ဝမ်းသာ စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆို




နေပြည်တော် စက်တင်ဘာ ၂၁


နိုင်ငံတော်၏ အမိမြေကို ကာကွယ် စောင့်ရှောက်ရန်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မိမိဆန္ဒ အလျောက် စိတ်အားထက်သန်စွာ ပါဝင် စာရင်းပေးသွင်းပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး တာဝန်များကို နိုင်ငံသားကောင်းများပီသစွာ အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော ပြည်သူ့ စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၅)မှ နိုင်ငံ့သားကောင်းရတနာများသည် သတ်မှတ်စစ်မှုထမ်းကာလ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။


၎င်းတို့၏ တာဝန်ကျေပွန်မှုအတွက် ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်က ချီးမြှင့်အပ်နှင်းသော ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးတွင် စက်တင်ဘာ ၁၈ ရက်က ဂုဏ်ပြုအခမ်းအနားများဖြင့် ချီးမြှင့်အပ်နှင်းခဲ့ပြီး မိသားစုဝင်များထံသို့လည်းကောင်း၊ ၎င်းတို့၏ နေရပ်အသီးသီးသို့လည်းကောင်း ပြန်လည်အပ်နှင်းစေလွှတ်ခဲ့ပြီးဖြစ်သည်။


တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီး မိမိတို့၏ မွေးရပ်မြေနေရပ်အသီးသီးသို့ ပြန်လည်ရောက်ရှိလာ ကြသော ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများအား ဒေသခံပြည်သူများနှင့် မိဘဆွေမျိုးမိသားစုဝင် များက အောင်သပြေခက်များဖြင့် ဖျန်းပက်ခြင်း၊ ဂုဏ်ပြုပန်းကုံးများဖြင့် ကြိုဆိုခြင်း၊ ဂုဏ်ပြုချီးမြှင့် ငွေများ လက်ဝယ်အရောက် ချီးမြှင့်ပေးအပ်ခြင်းတို့ဖြင့် အထူးလေးစားစွာ ဂုဏ်ပြုခဲ့ကြသည်။ ထို့ပြင် အိုးစည်၊ ဒိုးပတ်တီးမှုတ် ကခုန်သံများဖြင့် မြို့ရွာအနှံ့ ခြိမ့်ခြိမ့်သဲသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည့် ပီတိဖြစ်ဖွယ်မြင်ကွင်းများကို မြင်တွေ့ကြရပြီး တပ်မတော်နှင့် ပြည်သူအကြား အပြန်အလှန်ယုံကြည် လေးစားမှု၊ တစ်သားတည်းဖြစ်တည်နေမှုကို ထင်ရှားစွာ သက်သေပြနေသည့် သမိုင်းဝင်မှတ်တိုင် တစ်ခုအဖြစ်လည်း တွေ့မြင်ကြရမည်ဖြစ်သည်။


အဆိုပါ စစ်မှုထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သား ကောင်းရတနာများသည် စစ်မှုထမ်းဆောင်နေစဉ် ကာလတစ်လျှောက်လုံးတွင် နိုင်ငံတော်နှင့် တပ်မတော် က ပေးအပ်လာသည့်နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး တာဝန်များကို ရဲရင့်စွာ ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ကြသည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာချိန်တွင်လည်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် တားဆီးကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ၌ ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ်အနစ်နာခံကာ အမြဲတမ်းစစ်မှုထမ်း တပ်မတော်သားများနှင့် ရဲဘော်ရဲဘက် စိတ်ဓာတ်အပြည့်ဖြင့် လက်တွဲကာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။


ထို့ကြောင့် နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်လည်း ၎င်းတို့စစ်မှုထမ်းဆောင်စဉ် ကာလ တစ်လျှောက်တွင် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများ ရရှိစေရေးအတွက် စနစ်တကျဆောင်ရွက်ပေးခဲ့သည့်အပြင် သတ်မှတ်စစ်မှုထမ်းကာလပြီးဆုံးပါက မိမိသဘော ဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှုထမ်း‌ဆောင်လိုပါက ထမ်းဆောင်နိုင်ခြင်း၊ ကုမ္ပဏီဝန်ထမ်း ဖြစ်ပါက ယခင်အလုပ်အကိုင် သို့မဟုတ် အလားတူ ရာထူးအတိုင်း ပြန်လည်ခန့်အပ်ခံရခြင်းနှင့် နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် ထိုက်သင့်သောအကျိုး ခံစားခွင့်များကို ရရှိစေမည်ဖြစ်သည်။


ထို့ပြင် အလုပ်အကိုင်ရရှိရေးများနှင့်ပတ်သက်၍လည်း ၎င်းတို့ဆန္ဒရှိပါက သက်ဆိုင်ရာဝန်ကြီးဌာန များတွင် ဖွင့်လှစ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းသင်တန်းများသို့ တက်ရောက်နိုင်ရေး၊ အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်း/ ပြည်ပ ကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်ရေးနှင့် ၎င်းတို့၏ရပ်ရွာများ၌ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ရေးတို့အတွက် စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီက သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံကုန်သည် ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် (UMFCCI)နှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.