တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ
နေပြည်တော် စက်တင်ဘာ ၂၈
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကျောင်းမနေနိုင်သည့်ကလေးများ အခြေခံပညာအဆင့်ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်ရေး၊ လိုင်စင်မဲ့မော်တော်ယာဉ်များ မှတ်ပုံတင်ခွင့်ပြုနိုင်ရေး၊ ဘေးတွဲသုံးဘီးယာဉ် ငယ်များရောင်းချပေးနိုင်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရေး၊ ဆေးရုံအဆင့်တိုးမြှင့်ပေးရေး၊ ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ပေးရေးနှင့် ဝန်ထမ်းများခန့်ထားပေးရေးတို့နှင့် စပ်လျဉ်း၍မေးခွန်း ၁၂ ခု မေးမြန်းဖြေကြားခြင်း၊ အဆိုတစ်ခုတင်သွင်းခြင်းနှင့် ဥပဒေကြမ်းနှစ်ခု အစီရင်ခံစာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာကျော်ကျော်ဌေး၏ ကျောင်းမနေနိုင်သည့် ကလေးများစာရင်းကောက်ယူပြီး အခြေခံပညာအဆင့် ပြီးမြောက်စေရန် ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ် ရှိ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်က အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်သည့် ကလေးများစာရင်းအား ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် မြို့နယ်ပညာရေးမှူးများက ပေါင်းစပ်၍ စာရင်းကောက်ယူပြုစုထားရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်သည့် ကလေးများ၊ ကျောင်းပြင်ပရောက်ရှိနေသည့် ကလေးများအတွက် အသက်အရွယ်အရ တက်ရောက်ရမည့် အတန်းသတ်မှတ်ချက်ဖြင့် Placement Test (အထူးအစီအစဉ်)ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးခဲ့ပြီး မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အသက် (၁၅ နှစ်၊ ၃ လ)အတွင်း ကျောင်းသား ၁၄၄၃၈၄ ဦးကို အခြေခံပညာကျောင်းများသို့ ဝင်ရောက်ပညာသင်ကြားခွင့်ပြုနိုင်ရေး ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း။
နယ်စပ်ဒေသနှင့် တိုင်းဒေသကြီး/ ပြည်နယ်အချို့ရှိ ကျောင်းပြင်ပသို့ ရောက်ရှိနေသော သက်လွန်ကလေးများ ပညာသင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ကျောင်းပြင်ပပညာရေး Placement Test ဖြေဆိုခွင့်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေးတို့၏ မူလအသက် သတ်မှတ်ချက်အား ဖြေလျှော့ပေး၍ Placement Test ဖြေဆို ခွင့်ရရှိရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
အရေးပေါ်အခြေအနေကြေညာထားသည့်ဒေသများမှ ကလေးများဖြစ်ပါက ပညာရေးဆိုင်ရာ အထောက်အထားများ မပြည့်စုံနိုင်သည့် အခြေအနေများရှိနိုင်သဖြင့် ၎င်းဒေသတွင် နေထိုင်ခဲ့ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ အဆိုပါဒေသရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ ပညာရေးဆိုင်ရာ ထောက်ခံချက်နှင့် ကျန်းမာရေးမှူး၏ အသက်ထောက်ခံချက်များဖြင့် စိစစ်ပြီး Placement Test ဖြေဆိုခွင့် ပြုစေလျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ အခြေခံပညာဦးစီးဌာနမှ အသက် ၁၅ နှစ်၊ ၃ လ အထိရှိသည့် ကျောင်းနေအရွယ်ကလေးများအတွက် Placement Test (အထူးအစီအစဉ်) ဖြင့် အသက်နှင့် အတန်းချိန်ညှိ၍ ပညာသင်ယူခွင့် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် အသက် ၁၅ နှစ်၊ ၃ လ အထက် ကလေးလူငယ်များအတွက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် တန်းညှိပညာရေးအစီအစဉ်များမှတစ်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးကို စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်သည့် ကျောင်းပြင်ပရောက်နေသော ကလေးသူငယ်များအား ကျောင်းပြင်ပ တန်းညှိပညာရေးအစီအစဉ်များဖြင့် အခြေခံပညာအဆင့် ပြီးမြောက်စေရေးမူဝါဒများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည် ဖြေကြားသည်။
ရန်ကင်းမဲဆန္ဒနယ်မှ ဦးတင်မိုးအောင်(ခ)နေရှိုင်း၏ လိုင်စင်မဲ့ မော်တော်ယာဉ်များကို တရားဝင်မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် တရားဝင်ခွင့်ပြုချက်ဖြင့် တင်သွင်းရောက်ရှိလာသော မော်တော်ယာဉ်များနှင့် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သောမော်တော် ယာဉ်များကနဦးမှတ်ပုံတင်ခြင်း ဆောင်ရွက်ပေးရာတွင် ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်လျှောက်ထားရာ၌ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာ (သို့မဟုတ်) Release Order Notification ၊ အကောက်ခွန်ဖော်ပြချက်ကိုလည်းကောင်း၊ ပြည်တွင်း၌ CKD/SKD စနစ်ဖြင့်ထုတ်လုပ်သည့် မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်လျှောက်ထားရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးထားသော သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ကုမ္ပဏီ၏ကိုယ်စားလှယ်ခွင့်ပြုစာ Quality Certificate ကို ကုမ္ပဏီမှ လက်မှတ်ရေးထိုးထားခြင်း Vehicle Identi-fication Number (VIN Plate)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ မော်တော်ယာဉ် အမျိုးအစားအလိုက် ထုတ်လုပ်ခွင့်ပြုချက်၊ Certificate of Approval သို့မဟုတ် Inspection Certificate စသည့် စာရွက်စာတမ်းအထောက်အထားများ တင်ပြမှသာ မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ `
ပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အထက်ဖော်ပြပါ အထောက်အထားများပါရှိသည့် မော်တော်ယာဉ်များကိုသာ မှတ်ပုံတင်ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် ယခင်ကမော်တော်ယာဉ် ၆၂၂၆ စီးကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သော်လည်း တရားမဝင် ဝင်ရောက်မှုများ လျော့နည်းသွားခြင်းမရှိသည့်အတွက် တရားမဝင်ရောက်ရှိနေသော လိုင်စင်မဲ့မော်တော်ယာဉ်များကို ဒဏ်ကြေးနှင့် အခွန်အခများပေးဆောင်စေကာ တရားဝင်မှတ်ပုံတင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ဒေါက်တာရွှေပြည်စိုး၏ စက်တပ်ဆိုင်ကယ်များကို စနစ်တကျကန့်သတ်ရန်နှင့် ဘေးတွဲပုဂ္ဂိုလ်က တစ်ဝက်နိုင်ငံတော်က တစ်ဝက်မျှခံစနစ်ဖြင့် သုံးဘီးယာဉ်ငယ်များ ရောင်းချပေးရန် အစီအစဉ် ရှိ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုနေသော တရားမဝင်ဘေးတွဲမော်တော်ဆိုင်ကယ်များသည် စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ စမ်းသပ်ထုတ်လုပ်ထားသော စက်ရုံထုတ်ယာဉ်မဟုတ်ဘဲ ဒေသန္တရအလုပ်ရုံ(Workshop)များတွင် မိမိသဘောဆန္ဒအလျောက် ပြုပြင်ထားခြင်းများဖြစ်သောကြောင့် Road Safety အရ မောင်းနှင်သူအပါအဝင် လိုက်ပါစီးနင်းသူ ခရီးသွားပြည်သူများ၊ အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အသုံးပြုနေသော လမ်းအသုံးပြုသူများအား အန္တရာယ်ဖြစ်စေနိုင်သောကြောင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ တရားမဝင်ဘေးတွဲများ အသုံးပြုခြင်းအား ခွင့်ပြု၍မရပါကြောင်း၊ ခေတ္တမောင်းနှင်ခွင့်(ယာယီ) လိုင်စင်ထုတ်ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် ဘေးတွဲကို ပုဂ္ဂိုလ်ကတစ်ဝက် နိုင်ငံတော်ကတစ်ဝက် မျှခံစနစ်ဖြင့် သုံးဘီးယာဉ်ငယ်များကို ရောင်းချပေးနိုင်ရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်မှ ဦးမြင့်ထွန်း၏ ကြာအင်းဆိပ်ကြီး မြို့ပေါ် TR(18) လုံးအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် မွန်ပြည်နယ်၊ ချောင်းနှစ်ခွကျေးရွာ၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီး မွန်ပြည်နယ်အတွင်းရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂ မိုင်ခန့် ထိခိုက်ပျက်စီးခဲ့မှုကြောင့် ချောင်းနှစ်ခွကျေးရွာအပါအဝင် ကြာအင်းဆိပ်ကြီးမြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများ ဓာတ်အားပြတ်တောက်ခဲ့ပြီး တည်ဆောက်ထားသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်း၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများနှင့် ၁၁/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာများ၏ ပျက်စီးမှုများအား နယ်မြေလုံခြုံရေးအခြေအနေအရ ယနေ့ အချိန်ထိ စစ်ဆေးနိုင်ခြင်းမရှိသေးပါကြောင်း။
မွန်ပြည်နယ်အတွင်းရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်းအား ပြုပြင်ခြင်းနှင့် ကရင်ပြည်နယ်ဘက်ခြမ်းရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၇ မိုင်၊ ကြာအင်း ဆိပ်ကြီးမြို့ပေါ်ရှိ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၅ မိုင်ခန့်နှင့် ၁၁/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာများအား ဒေသလုံခြုံရေးအပေါ်မူတည်၍ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးမှသာ ကြာအင်းဆိပ်ကြီးမြို့သို့ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မော်လမြိုင်ကျွန်းမဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်း၏ မော်လမြိုင်ကျွန်း မြို့နယ်၌ ဓာတ်အားခွဲရုံ (66 KV) တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဖျာပုံ၊ ဘိုကလေးနှင့် မော်လမြိုင်ကျွန်းမြို့များ ဗို့အားတိုးတက်ကောင်းမွန်ပြီး ဓာတ်အားပိုမိုပို့လွှတ်ဖြန့်ဖြူးနိုင် ရေးအတွက် ၃၃ ကေဗွီ ဓာတ်အားစနစ်မှ ၆၆ ကေဗွီ ဓာတ်အားစနစ်သို့ တိုးမြှင့်ရန် ၆၆ ကေဗွီ ကျိုက်လတ်-ဖျာပုံ ဓာတ်အားလိုင်း ၁၄ ဒသမ ၆ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဖျာပုံဓာတ်အားခွဲရုံ စီမံကိန်းအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်လျက်ရှိပြီး ၆၆ ကေဗွီ ဖျာပုံ-ဘိုကလေး ဓာတ်အားလိုင်း ၂၁ ဒသမ ၄ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၂ x ၁၀ အမ်ဗွီအေ ဘိုကလေးဓာတ်အားခွဲရုံ စီမံကိန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်များတွင် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ဘိုကလေးမြို့သို့ ၆၆ ကေဗွီ ဓာတ်အားစနစ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိပြီးပါက ၆၆ ကေဗွီ ဘိုကလေး-မော်လမြိုင်ကျွန်း ဓာတ်အားလိုင်း ၁၈ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ မော်လမြိုင်ကျွန်း ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းအား ဆက်လက်လျာထားသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးဆင်ဆုန်း၏ ကချင်ပြည်နယ် ကဆန်ချောင်းမှ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းအား မည်သည့်အချိန်တွင် စတင်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ကချင်ပြည်နယ် ပူတာအို ခရိုင် နောင်မွန်းမြို့နယ်တွင် လျှပ်စစ်မီးအပြည့်အဝရရှိရေးအတွက် နောင်မွန်းမြို့၏ အနောက်ဘက် ၁၁ မိုင်ခန့်အကွာရှိ ကဆန်ချောင်းမှ အသေးစားရေအားလျှပ်စစ် ထုတ်ယူနိုင်ရန် ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာနမှ ပဏာမစူးစမ်းတိုင်းတာရေးအဖွဲ့က အသေး စိတ်ကွင်းဆင်းတိုင်းတာ စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်ဆေး တွေ့ရှိချက်အရ ရေဆင်းဧရိယာ ၁၄၅ စတုရန်းကီလိုမီတာရှိပြီး စက်တပ်ဆင်အင်အား ၁၈၀၀ ကီလိုဝပ်မှ ၂၀၀၀ ကီလိုဝပ်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ နောင်မွန်းမြို့နယ်၏ ဓာတ်အားလိုအပ်ချက်မှာ ၇၀၀ ကီလိုဝပ်ဖြစ်ပါသဖြင့် ကဆန်ချောင်း အသေးစားရေအား လျှပ်စစ်စီမံကိန်းလုပ်ငန်း ဆောင်ရွက်နိုင်ပါက နောင်မွန်းမြို့နယ်တွင် ၂၄ နာရီ ဓာတ်အားအပြည့်အဝရရှိမည်ဖြစ်ပါကြောင်း။
နယ်မြေလုံခြုံရေးအခြေအနေအရ တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများသယ်ယူရန် အခက်အခဲရှိခြင်း၊ ရင်းနှီးမြှုပ်နှံလိုသူ ဒေသခံ ပုဂ္ဂလိကလုပ်ငန်းရှင်များမရှိသေးခြင်းကြောင့် ကဆန်ချောင်းအသေးစား ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းအား လတ်တလောတည်ဆောက် ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် နယ်မြေအခြေအနေကောင်းမွန်ပြီး ရင်းနှီးမြှုပ်နှံလိုသည့် ဒေသခံပုဂ္ဂလိကလုပ်ငန်းရှင်များမှ လျှောက်ထားလာပါက အသေးစားလျှပ်စစ်ဆိုင်ရာလုပ်ငန်းဖြစ်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွား နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ထန်းတပင်မဲဆန္ဒနယ်မှ ဦးကျော်ကျော်ဦး၏ ထန်းတပင်မြို့ဆိပ်ကြီးနှင့် အောင်မင်္ဂလာရပ်ကွက် တို့အား ၁၁ ကေဗွီ ထန်းတပင်ဖီဒါလိုင်းအတွင်း သို့ ပြောင်းလဲတပ်ဆင်ရန်နှင့် ဆိပ်ကြီးနှင့် သီရိဟေမာရပ်ကွက်အတွင်းရှိ ရှည်လျားဆားဗစ်များအား ၄ဝဝ ဗို့ လိုင်းခန်းတိုတပ်ဆင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ပဲခူးတိုင်းဒေသကြီး(အရှေ့) ထန်းတပင်မြို့ပေါ်ရှိ ဆိပ်ကြီးရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်တို့အား ၁၁ ကေဗွီ ထန်းတပင် (မြို့တွင်း) ဓာတ်အားလိုင်းသို့ ပြောင်းလဲချိတ်ဆက်နိုင်ရန် အတွက် ဆိပ်ကြီးရပ်ကွက်တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ပေ ၄၉၀၀ နှင့် အောင်မင်္ဂလာရပ်ကွက်တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ပေ ၂၇၀၀ တည်ဆောက်ခြင်းနှင့် ရှည်လျားဆားဗစ်ကြိုးများအတွက် ဆိပ်ကြီး ရပ်ကွက်တွင် ၄၀၀ ဗို့ဓာတ်အားလိုင်း ပေ ၁၇၀၀ နှင့် သီရိဟေမာရပ်ကွက် တွင် ၄၀၀ ဗို့ဓာတ်အားလိုင်း ပေ ၂၁၀၀ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံ ငွေတွင် လျာထားတင်ပြပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား သည်။
သာပေါင်းမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုး၏ သာပေါင်းမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဝန်ထမ်းအိမ်ရာအား အစောဆုံးဘဏ္ဍာရေးနှစ်တွင်ထည့်သွင်းပြီး ဆက်လက်ဆောက်လုပ်ပေးရန် အစီ အစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်းက သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန (၆) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ် ခြင်းလုပ်ငန်းအား Ample Power ကုမ္ပဏီမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် တင်ဒါအောင်မြင်ခဲ့ပြီး အဆိုပါဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းတစ်ခုလုံး၏ ၇၅ ရာခိုင်နှုန်းပြီးစီးခဲ့ပါသဖြင့် ကျပ်သန်း ၅၂၇ ဒသမ ၁၀၁ အား ပေးချေခဲ့ပြီးဖြစ်ပါကြောင်း။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိသော လုပ်ငန်းတစ်ခုလုံး၏ စတုတ္ထအရစ်ဖြစ်သည့် ၂၅ ရာခိုင်နှုန်းအား ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိခဲ့ပြီး စတုတ္ထအရစ်အတွက် ၁၈ ရာခိုင်နှုန်းသာ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့၍ ကျပ်သန်း ၁၃၃ ဒသမ ၁၄ အား ပေးချေခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရန်ကျန်ရှိသည့် စတုတ္ထအရစ်၏ ၇ ရာခိုင်နှုန်း အတွက် ကျန်ရှိသောခွင့်ပြုငွေ ကျပ်သန်း ၄၂ ဒသမ ၅၆၁ အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ထပ်မံခွဲဝေချထားခဲ့ရာ Ample Power ကုမ္ပဏီ မှ ဆောင်ရွက်ရန်အတွက် နောက်ဆက်တွဲစာချုပ်အား ၂၀၂၂ ခုနှစ်တွင် ချုပ်ဆိုခဲ့သော်လည်း လုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိတော့ပါကြောင်း။
သို့ဖြစ်၍ Ample Power ကုမ္ပဏီအားဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တရားစွဲဆိုရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အကြောင်းကြားထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းအပြီးသတ် ဆောင်ရွက်ရန်ကျန်ရှိသည့် ဘဏ္ဍာငွေအား အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ရေတာရှည်မဲဆန္ဒနယ်မှ ဦးထွန်းထွန်းမိုး၏ ရေတာရှည်မြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံကို အထူးကုဆရာဝန်ကြီးများပါဝင်သော စံကိုက် ခုတင်(၅ဝ) ဆေးရုံအဖြစ်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပဲခူးတိုင်းဒေသ ကြီး ရေတာရှည်မြို့နယ်တွင် ၂၅ ခုတင်ဆံ့မြို့နယ်ဆေးရုံ တစ်ရုံ၊ ဆွာတိုက်နယ်ဆေးရုံ၊ မြို့လှတိုက်နယ်ဆေးရုံနှင့် ရေနီတိုက်နယ်ဆေးရုံ၊ စုစုပေါင်းဆေးရုံ လေးရုံ ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ ရေတာရှည်မြို့နယ် ဆေးရုံသည် တောင်ငူပြည်သူ့ဆေးရုံကြီးနှင့် ၁၇ မိုင်၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးနှင့် မိုင် ၆၀ ခန့်ကွာဝေးပါကြောင်း၊ ရေတာရှည်မြို့နယ် ဆေးရုံ၏ ၃ နှစ်စာပျမ်းမျှခြင်းအနေဖြင့် တစ်ရက်ပျမ်းမျှ အတွင်းလူနာ ဦးရေမှာ ၂၁ ဦးရှိပြီး ဆေးရုံခွင့်ပြုခုတင်အသုံးချမှုရာခိုင်နှုန်း ၈၂ ရာခိုင် နှုန်းသာရှိ၍ လတ်တလောတွင် ခုတင် (၅၀) ဆေးရုံအဖြစ် တိုးမြှင့်ရန် မလိုအပ်သေးပါကြောင်း၊ နောင်တွင် ခုတင်အသုံးပြုမှုရာခိုင်နှုန်းတိုးလာပါက ဘဏ္ဍာငွေခွဲဝေရရှိမှုပေါ်မူတည်၍ ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
တိုက်ကြီးမဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၏ ဖလုံဘူတာကျေးရွာအုပ်စုမှ ကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ် ဖလုံဘူတာကျေးရွာအုပ်စုတွင် ကျေးရွာ ၁ဝ ရွာ၊ အိမ်ခြေ ၁၆၉၈ အိမ်နှင့် လူဦးရေ ၇၄၆၈ ဦးရှိပါကြောင်း၊ ဖလုံဘူတာကျေးလက် ကျန်းမာရေးဌာနခွဲသည် ကံကုန်းကျေးလက်ကျန်းမာရေးဌာနအောက် တွင်ရှိပြီး ကျေးရွာပေါင်း ၁၇ ရွာ၊ အိမ်ခြေ ၂၅၆၀ နှင့် လူဦးရေ ၁၀၅၅ဝ ကို သားဖွားဆရာမ တစ်ဦးနှင့် ကျန်းမာရေးမှူး-၄ တစ်ဦးတို့မှ ကျန်းမာ ရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ထိုကျေးရွာများအနက် ဖလုံ ဘူတာကျေးရွာမှ (၁၀) မိုင်ခန့် ကွာဝေးသော ကင်းမထီး (အထက်)၊ ကင်းမထီး(အလယ်)၊ ကင်းမထီး (အောက်) ကျေးရွာများသည် မိုးရာသီ တွင် လမ်းခရီးကြမ်းတမ်းကာ သွားလာရန်ခက်ခဲသော ကျေးရွာများ ဖြစ်ပါကြောင်း။
ဖလုံဘူတာကျေးရွာသည် ဗဟိုအချက်အချာကျပြီး ဥက္ကံတိုက်နယ် ဆေးရုံနှင့် ၈ မိုင်ခန့်၊ တိုက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံနှင့် ၁၅ မိုင်ခန့်ကွာဝေးပြီး လူနာထပ်ဆင့်ပို့ဆောင်ရေးအတွက် လမ်းပန်းဆက်သွယ်မှု အားကောင်းပါကြောင်း။
ဖလုံဘူတာကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန ဆောက်လုပ်ရန်အတွက် ပေ ၁၅၀ ပတ်လည်မြေနေရာအား ကျေးလက်ကျန်းမာရေး ဌာနအမည်ပေါက် ပုံစံ(၁၀၅-၁၀၆) ရရှိရေး ဆောင်ရွက်နေဆဲဖြစ်ပါကြောင်း၊ အခြေခံမူအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနပိုင်အဖြစ် ဂရန် အမည်ပေါက် (သို့မဟုတ်) အနိမ့်ဆုံးအနေဖြင့် ပုံစံ (၁၀၅-၁ဝ၆) ရှိရမည်ဖြစ်ရာ အဆိုပါမြေယာပိုင်ဆိုင်မှုရရှိပါက ဖလုံဘူတာကျေးလက် ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်မြှင့်တင်နိုင်ရေး တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မှော်ဘီမဲဆန္ဒနယ်မှ ဒေါက်တာနေလင်း၏ လယ်ပြင်စုကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မိုးကြိုးပစ်ကျေးရွာအုပ်စု လယ်ပြင်စုကျေးရွာတွင် ကျီးပင်ဆိပ်ကွင်းအမှတ်(၂၇၅-က) ဦးပိုင်အမှတ် N-3 ၊ ဧရိယာ ၀ ဒသမ ၃၄ ဧကရှိ မြေလွတ်မြေရိုင်းအနက်မှ (အလျား ပေ ၂ဝဝ x အနံ ၅၀) ၀ ဒသမ ၂၃ ဧက အားရယူ၍ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံအား ဆောက်လုပ်ရန်လျာထားပါကြောင်း၊ အခြေခံမူအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနပိုင်အဖြစ် ဂရန်အမည်ပေါက် (သို့မဟုတ်) အနိမ့်ဆုံးအနေဖြင့် ပုံစံ(၁၀၅-၁၀၆) ရှိရမည်ဖြစ်ရာ မြေစာရင်းဦးစီးဌာန မှတစ်ဆင့် ဗဟိုမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ သို့ တင်ပြလျှောက်ထားပြီး ပုံစံ(၁၀၅-၁၀၆) ရရှိရေး ဆောင်ရွက်သွား မည်ဖြစ်ပြီး အဆိုပါမြေယာပိုင်ဆိုင်မှုရရှိပါက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် လယ်ပြင်စုကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်နိုင်ရန် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းအောင်ညွန့်၏ မိုင်းရယ်မြို့နယ် မန်မုံတိုက်နယ်ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများ ထပ်မံခန့်ထား ဖြည့်ဆည်းပေးရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ရှမ်းပြည်နယ် မိုင်းရယ်မြို့နယ် မန်မုံတိုက်နယ်ဆေးရုံတွင် ဆေးဘက်ကျွမ်းကျင်(၄) (ဓာတ်ခွဲ) တစ်ဦးအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုသရေးဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် အထက်တန်းသူနာပြု တစ်ဦးနှင့် သူနာပြု နှစ်ဦးတို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၄ ရက်မှစ၍ တာဝန် ထမ်းဆောင်လျက်ရှိပြီး ရှမ်းပြည်နယ်မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ပြည့်ဖြိုးအောင်က တာဝန်ယူကုသပေးလျက် ရှိပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုသရေးဦးစီးဌာန၏ ၁၈-၉-၂၀၂၆ ရက်စွဲပါစာဖြင့် လားရှိုးမြို့ပြည်သူ့ ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာရဲနိုင်ဦးသည် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့မှစ၍ မိုင်းရယ်မြို့နယ် မန်မုံတိုက်နယ် ဆေးရုံတွင် စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် လှိုင်သာယာ(အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးချမ်းက “မြန်မာနိုင်ငံ ပြည်တွင်းဘဏ်များ အရေအတွက်လျှော့ချပြီး ပိုမိုခိုင်မာအင်အားကြီးပြီး အရည်အသွေးမြင့်သောဘဏ်များ ပေါ်ပေါက်လာရေးအတွက် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ ဗိုလ်တထောင်မဲဆန္ဒနယ်မှ ဦးဉာဏ်ဝင်းထိုက်က ထောက်ခံဆွေးနွေးသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လက်ခံဆွေးနွေးရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအားလက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော “အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် “တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း” တို့နှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင်များက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုများ တင်သွင်းလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးသတ္တမနေ့ကို စက်တင်ဘာ ၂၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့

No comments