ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၉ ဘီလီယံကျော်တန်ဖိုး၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၉၆၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော် စက်တင်ဘာ ၂၃
ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၉ ဘီလီယံကျော်တန်ဖိုး၊
တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၉၆၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိပြီး
ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ
အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီတွင်
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်
ပြင်ဦးလွင်မြို့နယ် ပင်လိန်(အရှေ့) ကျေးရွာအနီးတွင် ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်
ရပ်ကွက်နေ ဝင်းနိုင်ဦး(ခ)ဝင်းနိုင် (၅၄)နှစ် မောင်းနှင်လာသော JAC အမျိုးအစား ၁၀ ဘီးယာဉ်အား
သတင်းအရ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင် လာသည့် စိတ်ကြွဆေးပြား ၆၂ သိန်း
(တစ်ပြားလျှင် ငွေကျပ် ၁၅၀၀
နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၉ ဒသမ ၃ ဘီလီယံ) ဖမ်းဆီးရမိခဲ့ သဖြင့် ဝင်းနိုင်ဦး(ခ)ဝင်းနိုင်အား
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။
အလားတူ စက်တင်ဘာ ၂၀ ရက် ည ၈ နာရီခွဲတွင်
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်
တာချီလိတ်မြို့မကာဟိုခမ်းရပ်ကွက် မယ်ဆိုင် ရေချောင်းဘေးသို့ သတင်းအရ သွားရောက် စစ်ဆေးရှာဖွေရာ
မယ်ဆိုင်မြို့ ပီရဖွန်းရပ်ကွက်နေ စောရန်နိုင်(၃၆)နှစ်၊ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်နေ
နဝရတ်ဂျ်(ခ)အောင်သူရ(၂၉)နှစ်၊ တာချီလိတ်မြို့ ဖတ်ဟိကျေးရွာနေ အားထူ(၂၆)နှစ်၊ မယ်ဆိုင်မြို့
ကော့ဆိုင်းရပ်ကွက်နေသူများ ဖြစ်သည့် ဇော်လွင်ဦး(ခ)အဝင်း (၁၉)နှစ်နှင့် လွမ်းကိုကိုမောင်(ခ)မှတ်ကြီး(၁၈)နှစ်တို့
ငါးဦးအား စိတ်ကြွဆေးပြား ၂၄ သိန်း (တစ်ပြားလျှင်ငွေကျပ် ၄၀၀ နှုန်း ဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း
၉၆၀၀)နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ငါးဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်

No comments