ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား




နေပြည်တော်၊ စက်တင်ဘာ - ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။


အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက် ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ က Video Conferencing ဖြင့် တက်ရောက်ကြသည်။


နိုင်ငံတကာ ပြည်ပခရီးစဉ်များ အတွေ့အကြုံများမှတစ်ဆင့် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတုယူသင့်သည်များကို အတုယူ၍ အကောင်အထည်ဖော်ဆောင်သွားကြရန်

ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိဦးဆောင် သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မကြာမီရက်များအတွင်းက ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံနှင့် ကမ္ဘောဒီယားနိုင်ငံတို့သို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့အနေဖြင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့် သက်ဝင်ယုံကြည်မှုများ၊  လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ တူညီမှုရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတည် ဆောက်ရာတွင်လည်း အခက်အခဲများစွာကို ကြုံတွေ့ကျော်ဖြတ်ခဲ့ကြရကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် စစ်ပွဲဒဏ်နှင့် အရေးယူပိတ်ဆို့ ကန့်သတ်မှုများကို ဆယ်စုနှစ် ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့်ကြားမှ ဒွိုင်မွိုင်း (Doi Moi) စီးပွားရေး ပြုပြင်ပြောင်းလဲ မှု မူဝါဒကို နှစ်ပေါင်း ၄၀ ခန့် အကောင်အထည်ဖော်ပြီးနောက် စီးပွား ရေးနှင့် ပတ်သက်၍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်ကိုတွေ့မြင်ရကြောင်း၊ ၎င်းတို့ အနေဖြင့် မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်(၂)ရပ်ကို ချမှတ် ထားရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ခေတ်မီစက်မှုလုပ်ငန်းများနှင့် အထက်တန်း-အလယ် အလတ်ဝင်ငွေရှိသော ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်လာစေရန်နှင့် ၂၀၄၅ ခုနှစ်တွင် ဝင်ငွေမြင့်မား သော ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာစေရန် ရည်မှန်းထားဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရ ကြောင်း။


ဗီယက်နမ်ပြည်သူများအနေဖြင့် အခက်အခဲများ၊ ပိတ်ဆို့မှုများကြားမှ နိုင်ငံ ချစ်စိတ်၊အမျိုးကိုမြှင့်တင်လိုစိတ်များဖြင့် အမှန်တကယ်ကြိုးပမ်းအားထုတ် အလုပ်လုပ် ခဲ့မှုများကြောင့် တိုးတက်ပြောင်းလဲမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်ကို မိမိတို့အနေဖြင့် အတုယူဖွယ်တွေ့မြင်ခဲ့ရကြောင်း၊ ပြည်တွင်းတည်ငြိမ် အေးချမ်းမှု ရှိခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်းနှင့် ကြိုးစားအားထုတ်မှုရှိခြင်းတို့သည်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေသည်ကို တွေ့မြင်ရ ကြောင်း၊ ယခုမိမိသွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်း ဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေးကို လက်တွေ့ကျကျဖွံ့ဖြိုး တိုးတက်လာနိုင်မည့် ဆွေးနွေးမှုရလာဒ်ကောင်းများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထားပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်လျက်ရှိကြောင်း။


ဗီယက်နမ်နိုင်ငံကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံသည်လည်း အခက်အခဲပေါင်းများစွာ ကြားမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းအားထုတ်ခဲ့ရပြီး ယခုအခါဖွံ့ဖြိုးတိုးတက် လာသည်ကိုတွေ့ရှိရကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံ၍နိုင်ငံ စီးပွားရေးကို ဆောင်ရွက်သည့်နိုင်ငံတစ်ခုဖြစ်ပြီး စပါးစိုက်ပျိုး၍ ပြည်ပသို့တင်ပို့ လျက်ရှိသကဲ့သို့ ငြုပ်ကောင်းနှင့် သီဟိုဠ်စေ့များကိုလည်း စီးပွားဖြစ်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ယခုအခါ ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ် အေးချမ်းမှုရှိခြင်းကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သည်ကို လေ့လာတွေ့ရှိရကြောင်း၊ မိမိ အနေဖြင့်သမိုင်းဝင် UNESCO စာရင်းဝင် အန်ကောရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အန်ကောဝပ်ဘုရားကျောင်းတော်နှင့် ဘေရွန်ဘုရားကျောင်းတော်သို့လည်း သွား ရောက်လေ့လာကြည့်ရှုခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ရှေးဟောင်းသမိုင်းဝင် နေရာများကို စနစ်တကျထိန်းသိမ်းထားရှိပြီး ပြည်ပခရီးသွားများ ကိုဆွဲဆောင်နိုင် သဖြင့် နိုင်ငံ၏ခရီးသွားလုပ်ငန်းအတွက်များစွာ အကျိုးဖြစ်ထွန်းပြီး နိုင်ငံခြားဝင်ငွေ ရရှိအောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိခဲ့ရကြောင်း။


ခရီးစဉ်များသွားရောက်ခဲ့စဉ် ဖွံ့ဖြိုးတိုးတက်မှုရရှိခြင်း၏ အဓိကအကြောင်းရင်း သည် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိခြင်းပင်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှလုံး လုံခြုံအေးချမ်းစွာဖြင့် လုပ်ကိုင်စားသောက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးကတည်းကပင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်သည့် စွမ်းရည်၊ စွမ်းအားရှိသော လူ့စွမ်းအား အရင်းအမြစ်များ၊ နိုင်ငံစီးပွားရေးနှင့် ပညာရေး၊ ကျန်းမာရေး အပါအဝင် လမ်း၊ တံတား နှင့် အခြေခံအဆောက်အဦများကို အကြမ်းဖက်သမားများက ခေတ် အဆက်ဆက် နည်းလမ်းပေါင်းစုံဖြင့် ယနေ့ထက်တိုင် နှောင့်ယှက်ဖျက်ဆီးခဲ့ကြပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများမှာ ခေတ်အဆက်ဆက် နိုင်ငံတည်ဆောက်ရေးတွင်  “သမင် မွေးရင်း ကျားစားရင်း” ဆိုသကဲ့သို့ဖြစ်နေပြီး နိုင်ငံအတွက်ကြီးမားသည့် သမိုင်းသင်ခန်း စာ တစ်ခုကဲ့သို့ဖြစ်နေရကြောင်း။


၎င်းတို့ဖျက်ဆီးခဲ့ကြသည့် အခြေခံအဆောက်အဦများနှင့် ဆုံးရှုံးခဲ့ရသည့် လူသား အရင်းမြစ်များကို ပြန်လည်တည်ဆောက်မွေးထုတ်နေရခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ခြင်းမရှိသည်မှာ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ကြီးစွာသောထိခိုက်နစ်နာ ဆုံးရှုံးနေရမှုပင်ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် မိမိတို့နိုင်ငံ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲမှ တစ်ဆင့်ပေါ်ပေါက်လာသည့် လွှတ်တော်နှင့်အစိုးရတို့ တာဝန်ယူဆောင်ရွက်လျက် ရှိပြီး အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုရရှိရေးဟူသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် နိုင်ငံတော်တွင် အတူတကွမှီတင်း နေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက ကိုယ်စီအသိရှိစွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ပြည်တွင်း တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက်လည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော် မှအမြဲ တမ်းတံခါးဖွင့်ဖိတ်ခေါ်ကြိုဆိုလျက်ရှိသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအောင်မြင်မှု ရရှိရေးအတွက်လည်း ဖြစ်နိုင်သည်များကို တောင်းဆိုခြင်း၊ မဖြစ်နိုင်သည်များကို ညှိနှိုင်းခြင်းတို့ဖြင့် နိုင်ငံ့အကျိုးကိုကြည့်၍ ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံ တိုက်တွန်းလိုကြောင်း၊ ပြည်ပခရီးစဉ်များသွားရောက်မှုများမှ ရရှိခဲ့သည့် စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့အပါအဝင် နယ်ပယ် ပေါင်းစုံမှတွေ့မြင်လေ့လာသိရှိခဲ့ရသည့် အတွေ့အကြုံကောင်းများကို သင်ခန်းစာယူ၍ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  မိမိတို့နိုင်ငံနှင့်ကိုက်ညီသည်များကို အတုယူဆောင်ရွက်သွားကြရမည် ဖြစ် ကြောင်း။


မြေအသုံးချမှုများနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် နိုင်ငံတော်တွင်ရှိပြီးဖြစ် သည့် မြေသယံဇာတများကို စနစ်တကျဖြင့် အမှန်တကယ် အကျိုးရှိရှိအသုံးချနိုင်ရန် လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်ကြသည့် ပြည်ပ နိုင်ငံများ၏ မြေကိုအကျိုးရှိရှိ ထိထိရောက်ရောက် အမှန်တကယ် အသုံးချမှုထား ကြသည်များကို အတုယူလေ့လာ ဆောင်ရွက်ကြရန်လိုကြောင်း၊ ၎င်းတို့၏စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များကို ထုတ်လုပ်တင်ပို့ရောင်းချမှုများနှင့် ပတ်သက်၍လည်း မိမိတို့အနေဖြင့် အတုယူကြရမည်ဖြစ်ပြီး ကုန်ကြမ်းအတိုင်း ပြည်ပသို့တင်ပို့ရောင်းချ ခြင်းထက် ပြည်တွင်း၌ပင်ကုန်ချောအဖြစ် ထုတ်လုပ်၍ အဆင့်မြင့်ထုတ်ကုန် ပစ္စည်း များကိုပြည်ပသို့ တင်ပို့ရောင်းချသွားနိုင် ကြရန်လိုကြောင်း၊ ပြည်တွင်းထုတ်ကုန်ပစ္စည်း များ ဈေးကွက်ရရှိရေးနှင့် မှန်ကန်သည့်သတ်မှတ်ဈေးနှုန်း ရရှိရေးအတွက်လည်း အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များဖြစ်ရန်လိုကြောင်း၊ ပြည်ပသို့ တင်ပို့ရောင်းချ နိုင်သည့် အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်မှသာ ပြည်ပပို့ကုန် ရရှိမည်ဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။


မွေးမြူရေးနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ဒေသတွင်းနေထိုင်သည့် ပြည်သူများစားသုံးမှုဖူလုံစေရေး လူဦးရေ အချိုးအစားနှင့် ကိုက်ညီသည့် မွေးမြူရေးထုတ်ကုန်များကို စီမံချက်များစနစ်တကျ ရေးဆွဲပြီး လျာထားစီမံတွက်ချက် မွေးမြူသွားကြရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ကောင်းမွန်တိုးတက်လာမှသာ ငွေကြေးလည်ပတ်စီးဆင်းမှုများ ကောင်း မွန်လာပြီး ပြည်သူများ၏ တစ်ဦးချင်းဝင်ငွေတိုးတက်ကောင်းမွန်ကာ နိုင်ငံ၏စီးပွား ရေးသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း။


ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိစဉ် ၎င်းတို့အနေဖြင့် ငြုပ်ကောင်းသီးနှံနှင့် ကော်ဖီ သီးနှံကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပြီး ပြည်ပသို့တင်ပို့ကာ နိုင်ငံခြားဝင်ငွေ များစွာရရှိနေသည်ကိုတွေ့မြင်ရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ငြုပ်ကောင်းသီးနှံ ကို အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်သည်ဖြစ်၍ ငြုပ်ကောင်းစိုက်ပျိုးရေးမှ နိုင်ငံခြား ဝင်ငွေရရှိရေး ဆောင်ရွက်သွားနိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် နေကြာနှင့်နှမ်းကိုလည်း များစွာစိုက်ပျိုးကြပြီး           အဆိုပါ နေကြာ၊ နှမ်းစိုက်ပျိုးရေးနှင့်အတူ  ပျားမွေးမြူခြင်းကို တွဲဖက်ဆောင်ရွက်သွား ကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တောင်သူများ အတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေပိုမိုရရှိလာစေနိုင်မည်ဖြစ်ကြောင်း။


အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့်ပတ်သက်၍ စနစ်ကျနသည့် စံသတ်မှတ်ချက်များရှိရန်လို


ပြည်သူများအလုပ်အကိုင်ရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို အစိုးရက ဖန်တီးပေးရမည်ဖြစ်ပြီး အဓိကလိုအပ်သည်မှာ အမှန်တကယ် အလုပ် လုပ်ကိုင်လိုစိတ်ရှိခြင်းပင်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့်ပတ်သက် ၍ မိမိတို့နိုင်ငံတွင် နိုင်ငံ့ဝန်ထမ်းရွေးချယ်ခေါ်ယူခန့်ထားရေး၌ စနစ်ကျနသည့် စံသတ်မှတ်ချက်များရှိရန်လိုပြီး အတန်းပညာအောင်မြင်မှုများအလိုက် သင့်လျော်မှန် ကန်သည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေး ဆောင်ရွက်ပေးကြရန်လို ကြောင်း၊ မိမိတို့အတန်းပညာအလိုက် အလုပ်အကိုင်အခွင့်အလမ်းနှင့် လစာနှုန်းထား များ၊ ရာထူးအဆင့်ဆင့် တိုးမြှင့်နိုင်မှုတို့ မှန်ကန်မှသာ မိဘများအနေဖြင့်လည်း မိမိတို့ ၏သားသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုနှင့်ပတ်သက်၍ ပညာရေးကိုအားပေး လာကြမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် စွမ်းရည်နှင့် စွမ်းအားရှိသည့် လူသားအရင်းမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ပညာရပ်များအလိုက်၊ အရည်အသွေးနှင့် အရည်အချင်း အလိုက် မွန်းမံသင်တန်းများ၊ ဆင့်ပွားသင်တန်းများဖွင့်လှစ်လေ့ကျင့်ပေးသွားကြရန်လို ကြောင်း၊ သို့မှသာ နိုင်ငံအတွက်ကဏ္ဍပေါင်းစုံတွင် လိုအပ်လျက်ရှိသည့် လူသားအရင်း အမြစ်များကို စဉ်ဆက်မပြတ်မွေးထုတ် အကျိုးပြုသွားနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။


ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာ၌  လက်ရှိ အချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ အစိုးရဗဟိုပြုသည့် ပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိကြောင်း၊ ပုဂ္ဂလိကပညာသင်ကြားရေးစနစ်ကိုလည်း မူဝါဒနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရကျောင်းများ၌ တက်ရောက်လျက် ရှိသည့် ကျောင်းသား၊ ကျောင်းသူများသည် လူတန်းစားအလွှာမျိုးစုံမှပါဝင်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာကျောင်းများတွင် သင်ကြားပေး သည့် အတန်းလိုက်ပညာရပ်များကို အမှန်တကယ်တတ်မြောက်ရန် လိုသကဲ့သို့ အထွေထွေဗဟုသုတနှင့် လူမှုဘဝအသိပညာများတိုးတက်ရေးအတွက်ပါ သင်ကြား လေ့ကျင့်ပေးရန်လိုကြောင်း၊ အောင်ချက်ရာခိုင်နှုန်းနှင့် အောင်ချက်မြင့်မားရေးကိုသာ အာရုံစိုက်၍ သင်ကြားပေးခြင်းမျိုးမဟုတ်ဘဲ အမှန်တကယ်စာတတ်မြောက်ရေးကို အလေးထား သင်ကြားပေးရန်လိုကြောင်း၊ အစိုးရကျောင်းများတွင် ပညာရေးကို သာမက ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံရေးများ အပါအဝင် လောကနီတိကိုပါ သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကလည်း ကျောင်းသား ကျောင်းသူများ အမှန်တကယ်စာတတ်မြောက်စေရေးနှင့် ပညာရေး ပတ်ဝန်းကျင်ကောင်းဖြစ်စေရေး ဝိုင်းဝန်းကြပ်မတ်အားပေး ဆောင်ရွက်သွားရန်လို ကြောင်း။


အဆင့်မြင့်ပညာ သင်ကြားရေးနှင့်ပတ်သက်၍လည်း တက္ကသိုလ်များ၌ သင်ကြား ပေးလျက်ရှိသည့် ပညာရပ်များကို အမှန်တကယ် တတ်မြောက်ကျွမ်းကျင်အောင် သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း၊ တက္ကသိုလ်များသည် လေ့လာမှုဖြင့်သင်ကြား လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်တက္ကသိုလ်ပညာသင်ယူချိန်တွင် သတ်မှတ် ထားသည့် ပညာသင်နှစ်များအလိုက် သင်ကြားရမည့် သင်ခန်းစာများနှင့် စစ်ဆေး ရမည့် စာမေးပွဲများ၊ သုတေသနနှင့် စာတမ်းများကို သတ်မှတ်ချက်များအတိုင်း စနစ် တကျဖြင့် ဆောင်ရွက်မှုရှိ/မရှိ တာဝန်ရှိသူများအနေဖြင့် မျက်ခြေမပြတ် စစ်ဆေး ကြပ်မတ် ဆောင်ရွက်နေရန်လိုကြောင်း၊ အဆင့်မြင့်ပညာသင်ကြားမှုများတွင် ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်စာတတ်မြောက်စေရေးအတွက် သက်ဆိုင် ရာဝန်ကြီး ဌာနများသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေ ဖြင့်လည်း စနစ်တကျဖြင့်ကြပ်မတ်စစ်ဆေး ဆောင်ရွက်နေရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် သက်ဆိုင်ရာပညာရပ်များကို အမှန် တကယ်တတ်မြောက်အောင် သင်ကြားသင်ယူရန်လိုအပ်သကဲ့သို့ ဗဟုသုတများရရှိ စေမည့် မိမိတို့၏အသက်အရွယ်နှင့် ကိုက်ညီသော စာအုပ်၊ စာစောင်များကိုလည်း စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းများ အတွက် လိုအပ်သည့် စာကြည့်တိုက်၊ ဗဟုသုတ စာအုပ်၊ စာစောင်များအပါအဝင် လိုအပ်ချက်များကို နိုင်ငံတော်အစိုးရမှ နှစ်စဉ်ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ ပုဂ္ဂလိကကျောင်းများကိုလည်း မူဝါဒနှင့်အညီ အားပေးလျက်ရှိသကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တာဝန်ယူကြရသည့် အစိုးရပညာသင်ကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးသွားကြ ရန်လိုကြောင်း။


ကျန်းမာရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် တိုက်နယ်ဆေးရုံ စသည်ဖြင့် ဆေးရုံများအလိုက်လိုအပ်သည့် ကုသရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းများ ပြည့်စုံမှုရှိစေရေး လူသားအရင်းအမြစ်များ နှစ်စဉ် လျာထားစီမံလေ့ကျင့် မွေးထုတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ မြှင့်တင်ရေးအတွက်လည်း နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ နေထိုင် စားသောက်မှု၊ အုပ်ချုပ်မှုအဆောက်အဦနှင့် လိုအပ်သည်များကိုလည်း နိုင်ငံတော် အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။


အုပ်ချုပ်ရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အလိုက် သက်ဆိုင်ရာ ရာထူးတာဝန်များအသီးသီး ခန့်အပ်တာဝန်ပေးထားခြင်းဖြစ်ကြောင်း၊ ခရိုင်အဆင့် တာဝန်ရှိသူများကို အတွေ့အကြုံနှင့်လုပ်သက်အရ ရွေးချယ်တာဝန် ပေးအပ်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက် ရာတွင် ထိရောက်သည့်စီမံအုပ်ချုပ်ကွပ်ကဲမှုဖြစ်စေရေး ခရိုင်ဗဟိုပြုအုပ်ချုပ်ရေး စနစ်ဖြင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး မွေးမြူရေး၊ ဆောက်လုပ်ရေး၊ တရားရေးနှင့် ဥပဒေ စသည်ဖြင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ခရိုင်အဆင့်မှ စနစ်တကျ တာဝန်ယူ ဆောင်ရွက်သွားကြရန်လိုကြောင်း။


ယခုအခါ ကမ္ဘာနှင့်အဝန်းတွင် ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း၊  အယ်လ်နီညိုနှင့်ပတ်သက်၍လည်း ကြိုတင်သတိပေးထုတ်ပြန်ချက်များ ထုတ်ပြန်ထားသည်ကိုတွေ့ရှိရပြီး ဂရုပြုကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရန်လို ကြောင်း၊ အပူချိန်လွန်ကဲမှုကြောင့် မြေအောက်ရေလျော့နည်း ကျဆင်းမှုများနှင့် ရေရှား ပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေများအတွက် လိုအပ်သည့်ရေများကို ကြိုတင်စုဆောင်းထားရှိရန်လိုကြောင်း၊ လိုအပ်ပါက မြစ်ချောင်း များတွင် မြေအောက်တမံများပြုလုပ်ပြီး မြေအောက်ရေကို ထိန်းသိမ်းသွားကြရန်နှင့် ကြိုတင်ပြင်ဆင်၍ရသည်များကို ယခုကတည်းကစနစ်တကျဖြင့် စဉ်းစားပြင်ဆင် ဆောင်ရွက်ထားကြရန်လိုကြောင်း။


မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကြီးမားနေဆဲဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု လူနေမှုအဆင့်အတန်း မြင့်မား စေရေးအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရေးသည် အလွန်ပင်အရေးကြီး ကြောင်း၊ မိမိတို့နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင် သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားကဏ္ဍ နှင့်ပတ်သက်၍ “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက် နေခြင်းဖြစ်သည်” ဆိုသည့် မူဝါဒနှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လျက်ရှိသကဲ့သို့ အားကစား ကဏ္ဍမြှင့်တင်ရေးအတွက်လည်း နိုင်ငံတော်အနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မကြာမီ ဒီဇင်ဘာလသို့ ရောက်ရှိတော့မည်ဖြစ်ပြီး အားကစား ပြိုင်ပွဲများကျင်းပပြုလုပ်နိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင် ပြင်ဆင်ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် ရှိပြီးဖြစ်သည့် အားကစားကွင်း များကိုလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စနစ်တကျပြင်ဆင် ထိန်းသိမ်း အသုံးပြုဆောင်ရွက်သွားကြရန်လိုကြောင်း။


အချုပ်အားဖြင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရာတွင် အဓိက အားဖြင့်နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး နိုင်ငံစီးပွားရေးအားကောင်းရန် အတူတကွ ဝိုင်းဝန်းကြိုပမ်း ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ကျန်းမာကြံ့ခိုင်ပြီး ပညာတတ် လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ်လေ့ကျင့် မွေးထုတ်အသုံးပြုသွားနိုင်ရန်လည်း လိုအပ်ကြောင်း၊ အမှန်တကယ်အလုပ် လုပ်ကိုင်ကြရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း များ ရရှိအောင်ဆောင်ရွက်ပေးကြရမည်ဖြစ်ပြီး အားလုံးကအတူတကွ စည်းလုံး ညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြမည်ဆိုပါက မိမိတို့နိုင်ငံတော်ကြီး မလွဲမသွေဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်းဖြင့် ပြောကြားပြီးအစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.