အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေးအတွက် စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ




နေပြည်တော် စက်တင်ဘာ ၁၂

အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းဖြစ်သည့် စက်တပ်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပြီးစီးပါက စက်စမ်းသပ်လည်ပတ်ခြင်း၊ စီးပွားဖြစ်ကုန်ထုတ်လုပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်မှာကြားသည်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သည် သဘောသဘာဝ မတူညီသည့် ပညာရပ်ပိုင်းဆိုင်ရာများ၊ မတူညီသည့် စက်ရုံခွဲများ စုစည်းလည်ပတ်ရမည်ဖြစ်၍ စည်းလုံးညီညွတ်စွာ ပေါင်းစည်းဆောင်ရွက်ရန်၊ စက်ပစ္စည်းများအား ကြိုတင်စစ်ဆေး ပြုပြင်ခြင်းစနစ်များထူထောင်၍ စနစ်တကျဆောင်ရွက်သွားရန်၊ သံစိမ်းထုတ်လုပ်သည့် နည်းပညာရရှိရေး၊ စက်ရုံအား ကိုယ်တိုင်မောင်းနှင်လည်ပတ်၍ အရည်အသွေးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး လေ့လာကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့သည်။


အဆိုပါ တွေ့ဆုံပွဲတွင် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်လျှင် လိုအပ်သောလူ့စွမ်းအားအရင်းအမြစ်များအား ခန့်ထားနိုင်ရေးစီမံဆောင်ရွက်နေမှု၊ ထုတ်ကုန်များအား ဖြန့်ဖြူးရောင်းချနိုင်ရေးစီမံထားရှိမှု၊ ကုန်ချောများအရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေးအတွက် သတ်မှတ်ထားသည့် အရည်အသွေးမီ ကုန်ကြမ်းများရရှိရေးဆောင်ရွက်နေမှု၊ သံစိမ်းထုတ်လုပ်မှုနည်းပညာရရှိရေး စီမံဆောင်ရွက်နေမှု၊ ဘဏ္ဍာငွေရရှိသုံးစွဲမှု၊ စီမံကိန်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်နေမှုတို့ကို ရှင်းလင်းဆွေးနွေးသည်။


ထို့အတူ ဒုတိယဝန်ကြီး ဦးသွင်အောင်က ကျန်ရှိသည့်စီမံကိန်းလုပ်ငန်းများအား စနစ်တကျ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် Master Plan ရေးဆွဲဆောင်ရွက်ရေး၊ စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကာလပြီးမြောက်၍ ရေရှည်ဆက်လက်လည်ပတ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့နှင့်အတူ ရှမ်းပြည်နယ် MSME အေဂျင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးသည်။


တွေ့ဆုံစဉ် MSME (၁၀၀၀) အောင်မြင်ခြင်းသည် မြို့တစ်မြို့၏ စီးပွားရေးရှင်သန်လာခြင်း၊ MSME အများအပြားအောင်မြင်ခြင်းသည် နိုင်ငံတော်၏စီးပွားရေး ပြန်လည်ဦးမော့လာခြင်းဖြစ်သည့်အတွက် MSME ဖွံ့ဖြိုးတိုးတက်ရေးသည် စီးပွားရေးမူဝါဒတစ်ရပ်သာမဟုတ်ဘဲ လူကိုဗဟိုပြုသော အမျိုးသားဖွံ့ဖြိုးရေးမဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း၊ ပြည်နယ်အေဂျင်စီအဖွဲ့ဝင်များအနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။


ထို့အတူ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်ပစ္စည်း၊ နည်းပညာ၊ အရင်းအနှီး၊ လူ့စွမ်းအားအရင်းအမြစ်၊ ကုန်ကြမ်းရရှိရေး ဆောင်ရွက်ပေးနေမှု၊ နည်းပညာမျှဝေပေးရေးသင်တန်းများ ဖွင့်လှစ်နေမှု၊ ပြည်နယ်အတွင်း MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု၊ MSME အေဂျင်စီအနေဖြင့် လုပ်ငန်းတာဝန်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းဆွေးနွေးကြသည်။


ယမန်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးသွင်အောင်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) အစည်းအဝေးခန်းမ၌ အဆိုပါစက်ရုံတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းကို နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိစွာ ပြန်လည်လည်ပတ်နိုင်ရေးအတွက် လက်ရှိလုပ်ငန်းလိုအပ်ချက်များ၊ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် အန္တရာယ်ကင်းရှင်းစွာ လည်ပတ်နိုင်ရေးအတွက် အပိုင်းအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.