ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဓာတ်ငွေ့ဆလင်ဒါပေါက်ကွဲမှုကြောင့် ခုနစ်ဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာရရှိ
စက်တင်ဘာ ၂၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အပြင်ဘက်ရှိ အာရှူလီယာမြို့တွင် ယမန်နေ့ညပိုင်းက စက်ရုံဝင်းအတွင်း ရပ်ထားသော အမိုးအကာပါ ဗင်ကားအများအပြား မီးလောင်ကျွမ်းခဲ့ပြီး ဓာတ်ငွေ့အိုးများ ပေါက်ကွဲမှုကြောင့် လူ ခုနစ် ဦးထက်မနည်း သေဆုံးကာ အခြား ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။
အမိုးအကာပါ ဗင်ကားများမှ အလောင်းငါးလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ထပ်တစ်ဦးသည် အနီးနားရှိဆိုင်တစ်ဆိုင်တွင် သေဆုံးခဲ့သည်ဟု အာရှူလီယာရဲစခန်း၏ တာဝန်ခံအရာရှိ Mohammad Tariqul Islam က သတင်းထောက်များအား ပြောကြားခဲ့သည်။
ကနဦးတွင် ၁၄ ဦးဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် တစ်ဦးသည် နောက်ပိုင်းတွင် သေဆုံးသွားခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
အဆိုပါပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ည ၇ နာရီခန့်က အမိုးအကာပါ ဗင်ကားမှ ဆလင်ဒါများကို ချနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထိုတာဝန်ရှိသူ၏ပြောကြားချက်အရ သိရသည်။
ထိုမီးလောင်မှုကို ဒေသစံတော်ချိန် ည ၈ နာရီခန့်တွင် ထိန်းချုပ်နိုင်ခဲ့ပြီး ည ၁၀ နာရီခန့်တွင် လုံးဝငြိမ်းသတ်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ကယ်ဆယ်ရေးလုပ်ငန်းများသည် ဒေသစံတော်ချိန် ည ၁၁ နာရီ ၄၂ မိနစ်တွင် ပြီးဆုံးခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments