နီပေါရေအားလျှပ်စစ်စက်ရုံတစ်ခုအတွင်း ပိတ်မိနေသော အလုပ်သမား ဒါဇင်နှင့်ချီ အသက်ရှင်နိုင်ဖွယ်ရှိကြောင်း နီပေါတာဝန်ရှိသူတစ်ဦး ပြောကြား

 


ခတ္တမန္တူ   စက်တင်ဘာ   

နီပေါ-တရုတ်နယ်စပ်အနီးတွင်  ပြင်းထန်သည့် ရုတ်တရက်ရေကြီး ရေလျှံမှုဖြစ်ပွားပြီး တစ်ပတ်ကျော် ကြာမြင့်ခဲ့သော်လည်း ရေအားလျှပ်စစ်စက်ရုံတစ်ခုအတွင်း  ပိတ်မိနေသော   အလုပ်သမားဒါဇင်နှင့် ချီ၍ အသက်ရှင်နိုင်ဖွယ်ရှိကြောင်း နီပေါအရာရှိတစ်ဦးက ယနေ့ ပြောကြားခဲ့သည်။

နီပေါနှင့် တရုတ်နယ်စပ်မှ ၅ ကီလိုမီတာခန့်အကွာ တောင်ကြားဒေသတွင် တည်ရှိသော ရာဆူဝါ ခရိုင်အတွင်းရှိ ရာဆူဝါဂါဒီ ရေအားလျှပ်စစ်စီမံကိန်း၏ မြေအောက်ဥမင်လိုဏ်ခေါင်း တစ်ခုတွင် အလုပ်သမားများ ပိတ်မိနေမှုနှင့်ပတ်သက်၍ နိုင်ငံခြားသတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။

ရာဆူဝါဂါဒီ၌ အလုပ်သမား ၄၆ ဦးခန့် ဥမင်လိုဏ်ခေါင်းအတွင်းရှိ အခန်းပုံစံဖွဲ့စည်းထားသော နေရာတစ်ခု၌ ပိတ်မိနေသည်ဟု   ယူဆရကြောင်း   အဆိုပါအရာရှိက ပြောကြားခဲ့သည်။  ထို့ပြင် တစ်ပတ်ကျော်ကြာသွားပြီ ဖြစ်သော်လည်း ၎င်းဥမင်လိုဏ်ခေါင်းအတွင်း၌ စားစရာများနှင့် ရေရှိသည့်အတွက်  ၎င်းတို့အနေဖြင့် အသက်ရှင်နေလိမ့်မည်ဟု  အခိုင်အမာယုံကြည်ကြောင်း  ၎င်းက ပြောကြားခဲ့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က တပ်မတော်အနေဖြင့် ဥမင်လိုဏ်ခေါင်းအတွင်း ဝင်ရောက်ရှာဖွေရန် ကြိုးပမ်းခဲ့သော်လည်း အဆိုပါအခန်းကို ရှာမတွေ့ခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးသမားများ ထပ်မံဝင်ရောက်ရှာဖွေလျက်ရှိကြောင်း ၎င်းက   ဖြည့်စွက်ပြောကြားခဲ့သည်။

ဘေးအန္တရာယ်ကျရောက်ခဲ့သော ဒေသများတွင် မတ်စောက်သော မြေမျက်နှာသွင်ပြင်ကို အသုံးချနိုင်ရန် ရည်ရွယ်ထားသည့် ရေအားလျှပ်စစ်စီမံကိန်းများစွာကို တည်ဆောက်လျက်ရှိသည်။

ရာဆူဝါနှင့် နူဝါကော့ခရိုင်များရှိ ရေအားလျှပ်စစ်စက်ရုံများမှ အလုပ်သမား ၆၃၀ ကျော်သည် စက်တင် ဘာ  ၂ ရက်အထိ အဆောက်အအုံများ သို့မဟုတ် ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် ဥမင်လိုဏ်ခေါင်းများအတွင်း ပိတ်မိနေခဲ့ကြောင်း နိုင်ငံ၏ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ရေး အာဏာပိုင်များက ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.