လာမည့် ၂၀၂၇ ခုနှစ်တွင် အယ်လ်နီညို၏ ရာသီဥတုအပေါ် သက်ရောက်မှုများ ပိုမိုပြင်းထန်နိုင်



ဂျီနီဗာ ၃ စက်တင်ဘာ

            လာမည့်လများအတွင်း အယ်လ်နီညိုသည် ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားပါးမှုနှင့် အပူချိန်လွန်ကဲမှုတို့ကို ပိုမိုသက်ရောက်နိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းက စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။    

            အပူပိုင်းပစိဖိတ်ဒေသတစ်ဝန်းရှိ ပူနွေးလွန်းသောသမုဒ္ဒရာအခြေအနေများကြောင့် အယ်လ်နီညိုသည် ယခုနှစ်ကုန်ပိုင်းတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း၏ အယ်လ်နီညို/လာနီညာထုတ်ပြန်ချက်အသစ်များအရ သိရသည်။ အဆိုပါအခြေအနေသည် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်တည်ရှိနိုင်ချေမှာ ရာနှုန်းပြည့်နီးပါးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

            “အယ်လ်နီညိုသည် ကျွန်ုပ်တို့မျက်စိရှေ့မှာပဲ ကြီးထွားလာနေတယ်” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ် က သတိပေးထားသည်။ “ပင်လယ်ရေမျက်နှာပြင် အပူချိန်များ မြင့်တက်လာနေပြီး အပူချိန်သည်လည်း ဆက်လက်မြင့်တက်နေသည့်အတွက် ကမ္ဘာကြီးအနေဖြင့် ပြင်းထန်သောရာသီဥတု အန္တရာယ်ဇုန်ထဲ ရောက်ရှိနေကြောင်း ပြောခဲ့သည်။

            ထုတ်ပြန်ချက်အသစ်များ ထုတ်ပြန်ပြီးနောက် လက်ရှိအခြေအနေအရ အယ်လ်နီညိုသည် ကျွန်ုပ်တို့ စောင့်ကြည့်နေသည့်အချိန်မှစ၍ မကြုံခဲ့ဖူးသောအဆင့်အထိ ပိုမိုအားကောင်းလာပြီး ဆယ်စုနှစ် လေးခုအတွင်း အသုံးပြုခဲ့သော စံသတ်မှတ်ချက်များကိုပင် ကျော်လွန်သွားနိုင်သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်က  ဂျီနီဗာတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

            ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းက ဆင့်ကဲဖြစ်စဉ်များနှင့်ပတ်သက်၍ အနီးကပ်စောင့်ကြည့်ရန်နှင့် သင့်လျော်သော တုံ့ပြန်မှုပေးနိုင်ရန် နိုင်ငံအားလုံးကို မေတ္တာရပ်ခံထားသည်။ “ကျွန်ုပ်တို့အနေဖြင့် မိုးခေါင်ရေရှားပါးမှုနှင့် ရေကြီးရေလျှံမှုများမှ အပျက်အစီးဆုံးရှုံးမှုများကို မျက်မြင်တွေ့ခဲ့ကြပြီး အယ်လ်နီညိုဖြစ်စဉ် ပြင်းထန်လာသည်နှင့်အမျှ အဆိုပါသက်ရောက်မှုများလည်း ပိုမိုမြင့်တက်လာနိုင်ကြောင်း မျှော်လင့်ထားကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်က ပြောခဲ့သည်။ အဆိုပါ ထူးခြားသော အယ်လ်နီညိုဖြစ်စဉ်များအတွက် ထူးခြားသောကြိုတင်ပြင်ဆင်မှုများနှင့် တုံ့ပြန်မှုများလည်း လိုအပ်ကြောင်း ပြောခဲ့သည်။

            အယ်လ်နီညိုသည် အီကွေတာအနီးရှိ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင်အပူချိန် ပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်ပြီး ၂ နှစ်မှ ၇ နှစ်အတွင်းဖြစ်ပေါ်လေ့ရှိပြီး ၉ လမှ ၁၂ လအထိ ကြာမြင့်တတ်သည်။ ကမ္ဘာ့အပူချိန် အပေါ် အယ်လ်နီညို၏သက်ရောက်မှုသည် ၎င်းဖြစ်ပေါ်ပြီးနောက်နှစ်တွင် အသိသာဆုံးဖြစ်သည်။

            ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းက အားပြင်းအယ်လ်နီညိုဖြစ်စဉ်သည် ကမ္ဘာ့ဒေသအများအပြားတွင် မိုးရွာသွန်းမှု၊ အပူချိန်နှင့် လေထုလှည့်ပတ်မှုတို့၌ ကြီးမားသောပြောင်းလဲမှုများဖြစ်စေနိုင်မှု မြင့်မားနိုင်ကြောင်း မှတ်ချက်ပေးခဲ့သည်။ သို့သော်လည်း နေရာဒေသနှင့် ရာသီဥတုအပေါ်မူတည်၍ သက်ရောက်မှုကွာခြားနိုင် ကြောင်းနှင့် အိန္ဒိယနှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့၏ အခြေအနေများအပါအဝင် အခြားသော ရာသီဥတုဆိုင်ရာသက်ရောက်မှုများကလည်း ပြောင်းလဲမှုများဖြစ်စေနိုင်သည်။

ကိုးကား- ဆင်ဟွာ

No comments

Powered by Blogger.