ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စက်တင်ဘာလအတွင်းသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ၈၇ ဦး သေဆုံး



စက်တင်ဘာ ၂၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စက်တင်ဘာလအတွင်း သွေးလွန်တုပ်ကွေးရောဂါနှင့်ဆက်စပ် သေဆုံးသူဦးရေ ၈၇ ဦးရှိပြီး ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် လစဉ်သေဆုံးမှုအများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ခြောက်ဦးထပ်မံတွေ့ရှိခဲ့ရာ ယခုနှစ်အတွင်း သေဆုံးသူစုစုပေါင်း ၁၈၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ဆောင်မှုညွှန်ကြားရေးမှူးချုပ်ရုံး (DGHS) က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူ ၁၅၉၃ ဦး ထပ်မံတွေ့ရှိခဲ့ရာ ဇန်နဝါရီလမှစ၍ အတည်ပြုလူနာ ၆၁၉၇၂ ဦးအထိ မြင့်တက်လာခဲ့သည်ဟု သိရသည်။

ယခုနှစ်အတွင်း  ထိုရောဂါဖြင့် စက်တင်ဘာလတွင် ၈၇ ဦး၊ သြဂုတ်လတွင် ၄၃ ဦး၊ ဇူလိုင်လတွင် ၃၆ ဦးနှင့် ဇွန်လတွင် ၁၃ ဦး တို့သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကျန်းမာရေးဝန်ဆောင်မှုညွှန်ကြားရေးမှူးချုပ်ရုံး၏ အချက်အလက်များအရ ပြီးခဲ့သည့်လက ခြင်မှတစ်ဆင့်ကူးစက်သောရောဂါ ၂၀၅၃၆ ဦး ဖြစ်ပွားပြီးနောက် စက်တင်ဘာလ၏ ပထမ ၂၀ ရက်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၆၁၂၆ ဦး ထပ်မံတွေ့ရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် သွေးလွန်တုပ်ကွေးရောဂါ ပြန့်ပွားမှုမရှိစေရန် ကာကွယ်တားဆီးရေး သုံးလကြာ လှုပ်ရှားမှုအစီအစဉ်ကို စက်တင်ဘာလအစောပိုင်းတွင် စတင်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

အေဒီးစ်ခြင်များမှကူးစက်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါသည် ခေါင်းကိုက်ခြင်း၊ အဖျားတက်ခြင်း၊ မောပန်းခြင်း၊ ကြွက်သားနှင့် အဆစ်များ ပြင်းထန်စွာနာကျင်ခြင်း၊ ဂလင်းများရောင်ရမ်းခြင်း၊ အန်ခြင်းနှင့် အဖုအပိမ့်များထွက်ခြင်းကဲ့သို့သော လက္ခဏာများ ဖြစ်ပေါ်လေ့ရှိသည့် ပြင်းထန်သောရောဂါကို ဖြစ်ပွားစေသည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.