မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၌ နေအိမ်အတွင်း ဝင်ရောက်၍ ရွှေထည်နှင့် ငွေကြေးများ လုယက်ရန်ရည်ရွယ်ချက်ဖြင့် အိမ်ရှင်လင်မယားအား သတ်ဖြတ်ခဲ့သူ အမျိုးသားနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော် စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်
မြို့သစ်(၅)ရပ်ကွက် ၁၁၁ (A)လမ်း၊ ၆၈(A) လမ်းနှင့် ၆၈(B)လမ်းကြားနေ ဒေါ်တင်ပြည့်(၆၃)နှစ်နှင့်
ခင်ပွန်းဖြစ်သူ ဦးကျော်စိုး (၅၉) နှစ်တို့ နှစ်ဦးသည် စက်တင်ဘာ ၁၅ ရက်နံနက်ပိုင်းတွင်
နေအိမ်အတွင်း၌ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရကြောင်းသတင်းအရ ပြစ်မှုကျူးလွန်သူတရားခံများအား
ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ချမ်းမြသာစည် မြို့နယ်အမှတ်(၁၁)နယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ
၃၀၂ ဖြင့် အမှုရေးဖွင့် စုံစမ်းဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများအား
ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အခင်းဖြစ်ရပ်မှတ်တမ်းနှင့်
နေအိမ်အတွင်း ဝင်ထွက်သွားလာသူများအား စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၅ ရက်
ညနေပိုင်းတွင် မသင်္ကာဖွယ် တရားခံများဖြစ်ကြသည့် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်
ပတင်းရွာမကြီးကျေးရွာနေ ကျော်ဇင် (ခ) ကျော်ကြီး (၂၃) နှစ်နှင့် ဧရာဝတီတိုင်းဒေသကြီး
မြောင်းမြမြို့နယ် မိုးကြိုးပစ်ကျေးရွာနေ လမင်းထွန်း(ခ)ကရင် (၂၀) နှစ်တို့နှစ်ဦးအား
စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးသည် စက်တင်ဘာ ၁၄ ရက် ညပိုင်းတွင် ဒေါ်တင်ပြည့်၏နေအိမ်သို့
သွားရောက်ခဲ့ကြပြီး ဒေါ်တင်ပြည့်နှင့် ဦးကျော်စိုးတို့နှစ်ဦးအား အသင့် ပါလာသောဓားနှင့်
နေအိမ်ရှိ ကတ်ကြေးတို့ဖြင့် ခန္ဓာကိုယ်အနှံ့ ထိုးသတ်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရပြီး
စက်တင်ဘာ ၂၂ ရက် ညနေပိုင်းတွင် ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် သက်သေခံဓားတစ်လက်နှင့်
ကတ်ကြေးနှစ်လက်တို့အား ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက် ၆၉ လမ်း သံလမ်းဘေးရှိ
ချုံပုတ်အတွင်းမှ သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် ငွေကြေးလိုအပ်ချက်အရ အိမ်ရှင်လင်မယားအား
သတ်ဖြတ်ခဲ့သည့် တရားခံ လမင်းထွန်း (ခ) ကရင်နှင့် ကျော်ဇင် (ခ)ကျော်ကြီးတို့နှစ်ဦးကို
ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားတစ်လက်၊ ကတ်ကြေးနှစ်လက်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး
ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments