တိုကျိုမြို့လယ်တွင် ၃၄ ရက်ဆက်တိုက် မိုးရွာသွန်းမှု အရှည်ကြာဆုံးစံချိန်သစ်တင်



စက်တင်ဘာ ၂၉

တိုကျိုမြို့လယ်တွင် ယနေ့အထိ ၃၄ ရက်ဆက်တိုက် မိုးရွာသွန်းခဲ့ရာ အရှည်ကြာဆုံးစံချိန်တင်ခဲ့ကြောင်း ကျိုဒိုနယူးစ်က ဖော်ပြခဲ့သည်။

အဆိုပါမိုးရွာသွန်းမှုသည် သြဂုတ်လ ၂၇ ရက်နေ့တွင် စတင်ခဲ့ပြီး တိုင်ဖွန်းမုန်တိုင်းများ၊ ဆောင်းဦးရာသီ မိုးရွာသွန်းမှု ရပ်တန့်ခြင်းနှင့် လေဖိအားနည်းရပ်ဝန်းတို့ကြောင့် ထိုဒေသတွင် မိုးရွာသွန်းမှု အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ရာ ၂၀၁၉ ခုနှစ် ဇွန်လ ၂၇ ရက်မှ ဇူလိုင်လ ၂၉ ရက်အထိ ၃၃ ရက်ဆက်တိုက် စံချိန်တင်ခဲ့သည့် ယခင်စံချိန်ကို ကျော်လွန်သွားခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီကို ကိုးကား၍ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိမိုးရွာသွန်းမှုကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုသည် စက်တင်ဘာ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး တိုင်ဖွန်းဒူဂျွန်သည် တိုကျိုအပါအဝင် ကန်တိုဒေသကို ဝင်ရောက်တိုက်ခတ်စဉ် ၁၅၆ မီလီမီတာ မိုးရွာသွန်းခဲ့ကြောင်းနှင့် တိုင်ဖွန်းမုန်တိုင်းကြောင့် စံချိန်တင်မိုးရွာသွန်းမှုများ၊ မြေပြိုမှုများနှင့် မြစ်ရေကြီးမှုများ ဖြစ်ပွားခဲ့ပြီး နိုင်ငံ၏မြို့တော်အနီးရှိ ဒေသများတွင် လူ ၁၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ဆောင်းဦးရာသီ မိုးရွာသွန်းမှုကြောင့် နိုင်ငံအရှေ့ပိုင်းတွင် အောက်တိုဘာ ၁ ရက်နေ့အထိ မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.