ဂါဇာတွင် လူနေအဆောက်အအုံပြိုကျမှုကြောင့် ကလေး ၁၁ ဦး အပါအဝင် ၂၁ ဦးထက်မနည်း သေဆုံး



စက်တင်ဘာ ၁၇

ဂါဇာမြို့အနောက်ပိုင်းရှိ လူနေအဆောက်အအုံပြိုကျမှုကြောင့် ကလေး ၁၁ ဦးနှင့် အမျိုးသမီး ခြောက်ဦး အပါအဝင် ၂၁ ဦးအထိ သေဆုံးသူအရေအတွက် မြင့်တက်လာပြီး ၂၅ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအရာရှိများနှင့် ဒေသခံများက ယမန်နေ့ကပြောကြားခဲ့သည်။

ယခင်က အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သော ခြောက်ထပ်အမြင့်ရှိ Al-Saada အဆောက်အအုံသည် ယမန်နေ့ အစောပိုင်းတွင် ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်အကိုင်အေဂျင်စီ၏ ဌာနချုပ်အနီးတွင် ပြိုကျခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေးပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အဆိုပါအဆောက်အအုံတွင် အိုးမဲ့အိမ်မဲ့ ၁၀၀ ခန့် နေထိုင်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များသည် ၁၆ နာရီကြာ စစ်ဆင်ရေးအတွင်း လူ ၄၅ ဦးကို ကယ်တင်နိုင်ခဲ့ပြီး အလောင်း ၂၁ လောင်းကို ပြန်လည်ရရှိခဲ့သည်ဟု ၎င်းကဆိုသည်။ ၃၅ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဂါဇာရှိ ဟားမတ်စ်ပိုင် မီဒီယာရုံးက ကြေညာချက်တစ်စောင်တွင် လေးလံသောစက်ယန္တရားများနှင့် ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်ရာတွင် အခက်အခဲများကြောင့် ဂါဇာကမ်းမြောင်တစ်လျှောက်ရှိ အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေသူ ၈၅၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ပြီး ပျက်စီးနေသော အဆောက်အအုံထောင်ပေါင်းများစွာသည် အချိန်ကိုက်ဗုံးများဖြစ်သည်ဟုလည်း ဖော်ပြခဲ့သည်။

ဆောင်းရာသီနီးကပ်လာသည်နှင့်အမျှ လူနေအိမ်အဆောက်အအုံ ၂၀၀၀ ကျော် ပြိုကျနိုင်ခြေရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဟု ခေါ်ဆိုသည့်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးကို အာမခံပေးထားသည့် နိုင်ငံများအနေဖြင့် လိုအပ်သော စက်ပစ္စည်းများနှင့် ကယ်ဆယ်ရေးကိရိယာများ ဂါဇာအတွင်းသို့ ဝင်ရောက်နိုင်ရေး ကူညီပေးရန် တောင်းဆိုခဲ့သည်။ ၎င်းက မကြာမီ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များ ရှိနေကြောင်းကိုလည်း သတိပေးခဲ့သည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလက အသက်ဝင်ခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရှိသော်လည်း ဟားမတ်စ်နှင့် အစ္စရေးအကြား ဆွေးနွေးမှုများ တိုးတက်မှုမရှိဘဲ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများ ဆက်တိုက်ဖြစ်ပွားနေချိန်တွင် ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.