ကမ္ဘောဒီးယားပြည်နယ် ၁၀ ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားသဖြင့်လူထောင်ပေါင်းများစွာ ရေဘေးသင့်



စက်တင်ဘာ ၂၈

ကမ္ဘောဒီးယားနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသော ရုတ်တရက်ရေကြီးမှုများသည် မိသားစု ၄၄၈၈၉ စု ကိုထိခိုက်ခဲ့ပြီး မိသားစု ၃၆၈၅ စုသည် ကုန်းမြင့်ဒေသများသို့ ပြောင်းရွှေ့ခဲ့ရသည်ဟု ဘေးအန္တရာယ်ထိန်းချုပ်ရေးပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။

အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ Soth Kim Kolmony က ပြည်နယ် ၁၀ ခုတွင် ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။ ရေမြင့်တက်လာမှုကြောင့် အိမ်ခြေ ၄၀၃၈၄ လုံးနှင့် စပါးခင်း ၄၉၉၂၅ ဟက်တာတို့လည်း ထိခိုက်ခဲ့ပြီး ဘတ်တမ်ဘန်၊ ဘန်တေးမင်းချိုင်းနှင့် စီရမ်ရိ ပြည်နယ်တို့ကို အဆိုးရွားဆုံးထိခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိရေကြီးရေလျှံမှုသည် အဓိကအားဖြင့် ဒေသတွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဖြစ်ကြောင်း Kolmony က ပြောကြားခဲ့သည်။ ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်မှ ၃၀ ရက်အတွင်း တိုင်ဖွန်း ဆူရီဂေး၏ အပြင်ဘက်လှည့်ပတ်စနစ်များကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ မိုးကြိုးမုန်တိုင်းများနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နေကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.