တရုတ်၏ ပင်လယ်နက်တူးဖော်နိုင်စွမ်း မီတာ ၅၀၀၀ အထိ မြှင့်တင်၍ စံချိန်သစ်တင်
ကွမ်ကျိုး စက်တင်ဘာ ၂၈
တရုတ်နိုင်ငံ၏ မုန်းရှန်း(Mengxiang)
သမုဒ္ဒရာတူးဖော်ရေးသင်္ဘောသည် တောင်တရုတ်ပင်လယ်အတွင်း ပင်လယ်ရေနက်ပိုင်းမှ မီးတောင်ကျောက်နမူနာများကို
တူးဖော်ရယူနိုင်ခဲ့ပြီးနောက် ရေနက်တူးဖော်ရေးစွမ်းရည်ကို မီတာ ၅၀၀၀ အဆင့်သို့ မြှင့်တင်နိုင်ခဲ့ကာ
တရုတ်နိုင်ငံ၏ အမျိုးသားစံချိန်သစ်တစ်ရပ်ကို တင်နိုင်ခဲ့ကြောင်း သဘာဝသယံဇာတဝန်ကြီးဌာနက
စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။
ယင်းခရီးစဉ်အတွင်း မုန်းရှန်းသင်္ဘောသည် တောင်တရုတ်ပင်လယ်အတွင်း ရေအနက် ၄၁၀၀
မီတာရှိသောနေရာ၌ တွင်းနှစ်တွင်း တူးဖော်၍ ကျောက်နမူနာရယူခဲ့ပြီး အမြင့်ဆုံးတူးဖော်ပြီးစီးသည့် အနက်မှာ
၄၉၂၉ ဒသမ ၁၇ မီတာ ရှိခဲ့ကြောင်း သိရသည်။ ယင်းသည် တရုတ်နိုင်ငံက ကိုယ်တိုင်ဆောင်ရွက်ခဲ့သည့် အနက်ရှိုင်းဆုံး ရေနက်တူးဖော်မှု
စံချိန်သစ်ဖြစ်သည်။
ထို့ပြင် ကိုယ်ပိုင်တီထွင်ထုတ်လုပ်ထားသည့် အလှည့်ကျ ကျောက်နမူနာရယူစက်ကို အသုံးပြု၍ အရှည် ၄ ဒသမ ၂၇ မီတာရှိ မီးတောင်ကျောက်နမူနာကို
အောင်မြင်စွာ တူးဖော်ရယူနိုင်ခဲ့သည်။ ထိုသို့ တူးဖော်ရေးသင်္ဘောအသုံးပြု၍ ရေနက်သမုဒ္ဒရာကြမ်းပြင်မှ ကျောက်အမာနမူနာများကို
တူးဖော်ရယူနိုင်သည့် နိုင်ငံများအနက် အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့ပြီးနောက်
တရုတ်နိုင်ငံသည် တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။
အဆိုပါခရီးစဉ်ကို သဘာဝသယံဇာတဝန်ကြီးဌာန
တရုတ်ဘူမိဗေဒလေ့လာရေးအဖွဲ့ကစီစဉ်ပြီး ကွမ်ကျိုးသမုဒ္ဒရာ ဘူမိဗေဒလေ့လာရေးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ကာ
အဖွဲ့အစည်းကိုးခုမှ သိပ္ပံပညာရှင်နှင့် လေ့လာရေးအဖွဲ့ဝင် စုစုပေါင်း ၁၇၀ ပါဝင်ခဲ့ကြောင်း
သိရသည်။
တရုတ်နိုင်ငံ၏ ပထမဆုံး
ပြည်တွင်းထုတ်သမုဒ္ဒရာတူးဖော်ရေးသင်္ဘော မုန်းရှန်းကို ၂၀၂၄ ခုနှစ်တွင် တရားဝင် စတင်
အသုံးပြုခဲ့ကြောင်း သိရသည်။
ဆင်ဟွာ

No comments