FIFA-ASEAN Cup ပြိုင်ပွဲတွင် ကမ္ဘောဒီးယားကို မြန်မာအသင်းရှုံးနိမ့်
ရန်ကုန် စက်တင်ဘာ ၂၇
FIFA-ASEAN Cup 2026 ပြိုင်ပွဲ
Division 2 အုပ်စုဒုတိယနေ့ကို
စက်တင်ဘာ ၂၇ ရက်က ဟောင်ကောင်၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် ကမ္ဘောဒီးယားအသင်းကို
တစ်ဂိုး-ဂိုးမရှိ ဖြင့် ရှုံးနိမ့်ခဲ့သည်။
ရှုံးပွဲကြုံတွေ့
မြန်မာအသင်းသည် ယခုပွဲအနိုင်ရပါက
ဗိုလ်လုပွဲတက်ရောက်ခွင့်ရမည်ဖြစ်သော်လည်း အရေးနိမ့်ခဲ့သဖြင့် ဗိုလ်လုပွဲတက်ရောက်ခွင့်ရရန်
အခွင့်အရေးနည်းသွားပြီဖြစ်သည်။ မြန်မာအသင်း၏ ယခုပြိုင်ပွဲ ကစားနေသည့်ခြေစွမ်းမှာ အားရစရာမရှိဘဲ
ပထမပွဲတွင် တီမောကို အနိုင်ရသော်လည်း ခြေစွမ်းအရ အားရစရာမရှိသကဲ့သို့ ယခုပွဲတွင်လည်း
ခြေစွမ်းမကောင်းဘဲ ရှုံးပွဲပါကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရကစားသမားအချို့ ရှိနေသော်လည်း
မြန်မာအသင်း၏ကစားပုံမှာ ပြီးခဲ့သည့် အာဆီယံဖလားပြိုင်ပွဲနှင့် ကွာခြားခဲ့ပြီး ကမ္ဘောဒီးယားအသင်းကိုပင် အရေးနိမ့်သည်အထိ
ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းနည်းပြချုပ်
ယော်အန်ဒါဆင်သည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ် ခဲ့ပြီး ဇင်ညီညီအောင်(ဂိုး)၊ ဇွဲခန့်မင်း၊ ဟိန်းဇေယျာလင်း၊ စိုးမိုးကျော်၊
မြတ်ဘုန်းခန့်၊ ဝေလင်းအောင်၊
ကျော်မင်းဦး၊ ဟိန်းထက်အောင်၊ မြတ်ကောင်းခန့်၊ ဝင်းနိုင်ထွန်း၊ သန်းပိုင်တို့ကို အသုံးပြုခဲ့သည်။
ပထမပိုင်းတွင် အပြန်အလှန်တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး မြန်မာအသင်းအနေဖြင့် ဂိုးရနိုင်သည့်
အခွင့်အရေး အချို့ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။ ဒုတိယပိုင်းတွင် ကမ္ဘောဒီးယားအသင်း
ပိုဖိကစားနိုင်ခဲ့ပြီး မြန်မာအသင်းတိုက်စစ်မှာ ပထမပိုင်းလောက် ထိရောက်မှုမရှိခဲ့ပေ။
ပွဲပြီးခါနီးတွင် ကမ္ဘောဒီးယားအသင်း အနိုင်ဂိုးရခဲ့ပြီး ကာကာဒါက ပင်နယ်တီဧရိယာစည်းအပြင်ဘက်မှ
ကန်သွင်းခဲ့ခြင်းဖြစ်သည်။
အုပ်စု
(B) တွင် ကမ္ဘောဒီးယားအသင်းက တစ်ပွဲကစား သုံးမှတ်၊ မြန်မာအသင်းက ပွဲကုန်
နှစ်ပွဲကစား သုံးမှတ်ရထားပြီး တီမောအသင်းမှာမူ တစ်ပွဲကစား အမှတ်မရသေးပေ။ စက်တင်ဘာ ၃၀
ရက်တွင် အုပ်စုနောက်ဆုံးပွဲအဖြစ် တီမောအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ကစားရမည်ဖြစ်ပြီး
မြန်မာအသင်းသည် တီမောအသင်းအနိုင်ရမှသာ ဗိုလ်လုပွဲတက်ရောက်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။
ကမ္ဘောဒီးယားအသင်းသည် အနိမ့်ဆုံးသရေကစားနိုင်ရုံဖြင့် ဗိုလ်လုပွဲတက်ရောက်နိုင်မည်ဖြစ်သည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF

No comments