ဘရူနိုင်းပညာရေးဝန်ကြီးက ဘွဲ့ရများအား ကျွမ်းကျင်မှုမြှင့်တင်ရန် AI အသုံးပြုကြဖို့ တိုက်တွန်း
အောက်တိုဘာ ၂၀
ဘရူနိုင်းနိုင်ငံ၏ ပညာရေးဝန်ကြီး ဟာဂျာ ရိုမိုက်ဇာ ဟာဂျီ မိုဟာမက် ဆာလေးက ဘွဲ့ရများအနေဖြင့် လုပ်ငန်းခွင်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်နှင့် စက်မှုလုပ်ငန်းများ၏ ပြောင်းလဲလာသော လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်သင်ကြားရေးကဏ္ဍတွင် ဉာဏ်ရည်တုနည်းပညာ (AI) ကို ထိရောက်စွာအသုံးချသင့်ကြောင်း ယနေ့တွင် တိုက်တွန်းပြောကြားခဲ့သည်။
မြို့တော်အနီးရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသည့် ဘရူနိုင်းနည်းပညာ ပညာရေးအင်စတီကျုမှ ကျောင်းသား၊ ကျောင်းသူ ၁၁၀၀ နီးပါး၏ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဝန်ကြီးက မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက ပညာရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ စွမ်းဆောင်ရည်များ မြှင့်တင်ရာတွင် AI နည်းပညာ၏ ကြီးမားသော အလားအလာများကို အလေးထားပြောကြားခဲ့သည်။
သို့ရာတွင်အဆင့်မြင့်နည်းပညာများကို အသုံးပြုခြင်းသည် တစ်ဦးချင်းစီ၏ ကိုယ်ပိုင်စွမ်းရည်များကို ထိခိုက်စေသည်အထိ မဖြစ်သင့်ကြောင်း ၎င်းက သတိပေးခဲ့သည်။
ဘွဲ့ရများအနေဖြင့် AI ကို လူသားတို့၏ကျွမ်းကျင်မှုနှင့် အသိပညာများ အစားထိုးအသုံးပြုမည့်အရာအဖြစ် မမြင်ဘဲ မိမိတို့၏လုပ်ငန်းဆောင်ရွက်ရာတွင်ထိရောက်မှုနှင့် ကိုယ်ပိုင်အရည်အချင်းများကို မြှင့်တင်ပေးသည့် ကိရိယာတစ်ခုအဖြစ် အသုံးပြုကြရန် ၎င်းကတိုက်တွန်းခဲ့သည်။
အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားကို ဘရူနိုင်းနည်းပညာ ပညာရေးအင်စတီကျုမှ ကျောင်းသား၊ ကျောင်းသူများ၏ ထူးချွန်ပြောင်မြောက်သော ပညာရေးအောင်မြင်မှုများကို ဂုဏ်ပြုချီးမြှင့်သည့် ပညာရေးထူးချွန်ဆုများ ပေးအပ်ပွဲနှင့်အတူ တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments