ရိုမေးနီးယားနိုင်ငံအနီး ပင်လယ်နက်တွင် သင်္ဘောတစ်စင်း မီးလောင်မှုကြောင့် လူ ရှစ်ဦး ပျောက်ဆုံး
အောက်တိုဘာ
၁၅
ရိုမေးနီးယားနိုင်ငံအနီး
ပင်လယ်နက်တွင် ဆန်မာရီနိုနိုင်ငံအလံ လွှင့်ထူထားသော သင်္ဘောတစ်စင်းသည် ယနေ့ နံနက်ပိုင်းတွင်
မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရိုမေးနီးယားမီဒီယာများက ဖော်ပြခဲ့သည်။
အဆိုပါသင်္ဘောပေါ်တွင်
သင်္ဘောသား ၁၂ ဦး လိုက်ပါလာကြောင်းနှင့် ၎င်းတို့အနက် ရှစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း
ဖော်ပြထားသည်။
ရိုမေးနီးယားနိုင်ငံ
ရေတပ်အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ ထိုမတော်တဆမှုသည် ရိုမေးနီးယားနိုင်ငံ ဆူလီနာမြို့၏
အရှေ့တောင်ဘက် ရေမိုင် ၁၃ မိုင်ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သင်္ဘောပေါ်တွင်
လူ ၁၂ ဦး လိုက်ပါလာရာ လေးဦးကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်ရှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့်
လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယခုဖြစ်ရပ်သည်
မကြာသေးမီက ဒရုန်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ပင်လယ်နက်ဒေသအတွင်း သင်္ဘောများနှင့်
ပတ်သက်သည့် နောက်ဆုံးဖြစ်ရပ်တစ်ခုလည်း ဖြစ်ကြောင်း၊ ယမန်နေ့ကလည်း ကိုမိုရိုနိုင်ငံအလံ
လွှင့်ထူထားသော ဓာတုပစ္စည်းနှင့် ရေနံတင်သင်္ဘော Yara J သည် ရိုမေးနီးယားနိုင်ငံ၏ ပိုင်နက်ရေပိုင်နက်အတွင်း
ကျောက်ချရပ်နားထားစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း
သတင်းများတွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments