ဂျပန်နိုင်ငံက အင်္ဂါဂြိုဟ်၏လများမှ နမူနာပစ္စည်းများ ကမ္ဘာမြေသို့ ပြန်လည်သယ်ဆောင်မည့်စီမံကိန်း စတင်မည်
တိုကျို အောက်တိုဘာ ၁၈
အင်္ဂါဂြိုဟ်၏ လများမှ
နမူနာပစ္စည်းများကို ကမ္ဘာမြေသို့ ပြန်လည်သယ်ဆောင်လာမည့် ဂျပန်နိုင်ငံ ၏ အာကာသစူးစမ်းလေ့လာရေးစီမံကိန်းတစ်ခုကို
စတင်မည်ဖြစ်ကြောင်း သိရသည်။
Martian Moons eXploration
(MMX) ဟု အမည်ပေးထားသည့် အဆိုပါစီမံကိန်းကို H3 ဒုံးပျံဖြင့် တာနီဂါရှီးမား အာကာသစင်တာမှ ဂျပန်စံတော်ချိန် အောက်တိုဘာ ၂၀ ရက်
နံနက် ၄ နာရီ ၄၁ မိနစ်ခန့် တွင် လွှတ်တင်ရန် စီစဉ်ထားသည်။
အဆိုပါစီမံကိန်းသည်
အင်္ဂါဂြိုဟ်၏လ ဖိုဘော့စ်
(Phobos) ပေါ်သို့ ဆင်းသက်ကာ ၎င်း၏
မျက်နှာပြင်မှ နမူနာ
ပစ္စည်းများကို ယူဆောင်ပြီး ကမ္ဘာမြေသို့ ပြန်လည်သယ်ဆောင်လာမည့် ကမ္ဘာ့ပထမဆုံး စီမံကိန်းဖြစ်လာရန်
ရည်ရွယ် ထားသည်။
ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီက
ဦးဆောင်တီထွင်ထားသည့် အဆိုပါစူးစမ်းလေ့လာရေးယာဉ်တွင် အဓိကအစိတ်အပိုင်း သုံးခုပါဝင်ပြီး
စုစုပေါင်းတည်ဆောက်မှု ကုန်ကျစရိတ်မှာ ယန်း ၅၅ ဒသမ ၃ ဘီလီယံ (အမေ ရိကန်ဒေါ်လာ သန်း ၃၅၀ ခန့်) ရှိသည်။
ဖိုဘော့စ်ပေါ်သို့ ဆင်းသက်ရန်
ခြေထောက်လေးချောင်း ပါဝင်သော စူးစမ်းလေ့လာရေး လဆင်းယာဉ်ကို ဒီဇိုင်း ထုတ်ထားသည်။
ဖိုဘော့စ်၏ ဆွဲအားမှာ
ကမ္ဘာမြေ၏ ဆွဲအားထက် အဆ ၂၀၀၀ ခန့် နည်းပါးသည်။
ထို့ပြင် အဆိုပါယာဉ်တွင် နမူနာပစ္စည်းကောက်ယူရေးကိရိယာများ၊
လေ့လာစောင့်ကြည့်ရေး ကိရိယာအမျိုးမျိုးနှင့် ဂျပန်အသံလွှင့်ဌာန အင်န်အိတ်ချ်ကေ၊ ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီတို့
ပူးပေါင်းတီထွင်ထားသည့် ရုပ်ထွက်ကောင်းသော ကင်မရာနှစ်လုံးလည်း တပ်ဆင်ထားသည်။
အဆိုပါယာဉ်သည် လွှတ်တင်ပြီး တစ်နှစ်ခန့်အကြာတွင် အင်္ဂါဂြိုဟ်အနီးသို့
ရောက်ရှိမည်ဟု မျှော်မှန်းထားပြီး
သုံးနှစ်ကြာ လေ့လာစောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ယင်းနောက် ဖိုဘော့စ်ပေါ်သို့
ဆင်းသက်ကာ မျက်နှာပြင်အောက်အနက် နှစ်စင်တီမီတာနှင့်အထက်ရှိ အလွှာမှ နမူနာ ပစ္စည်း အနည်းဆုံး
၁၀ ဂရမ်ကို ကောက်ယူရန် စီစဉ်ထားသည်။
နမူနာပစ္စည်းများကို သယ်ဆောင်ပြန်လာမည့်အပိုင်းသည် ၂၀၃၂
ခုနှစ် မတ်လတွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်အတွင်း ကမ္ဘာမြေသို့ ပြန်လည်ပို့ဆောင်နိုင်မည်ဟု
ခန့်မှန်းထားသည်။
ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီက
အဆိုပါစီမံကိန်းမှတစ်ဆင့် အင်္ဂါဂြိုဟ်နှင့် ၎င်း၏ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရန် လိုအပ်သည့်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်လင့်ထားသည်။ ထို့ပြင် ဖိုဘော့စ်လ မည်သို့ ဖြစ်ပေါ်လာခဲ့သည်ကို ပိုမိုရှင်းလင်းစွာ
သိရှိနိုင်ရန်လည်း အထောက်အကူပြုမည်ဟု
မျှော်လင့်ထားကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ

No comments