ပါကစ္စတန်နိုင်ငံ၌ မိုးရွာသွန်းမှုနှင့်ဆက်စပ်သောအမိုးပြိုကျမှုများကြောင့် ကလေးတစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ
အောက်တိုဘာ ၇
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာ ပက်ခ်တွန်ခွါပြည်နယ် မာဒန်ခရိုင်တွင် ယမန်နေ့က မိုးရွာသွန်းမှုနှင့်ဆက်စပ်သော အမိုးပြိုကျမှုများတွင် ကလေးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအရာရှိများက ပြောကြားခဲ့သည်။
ကတ်တလန်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၎င်း၏အိမ်ရှိအမိုးပြိုကျမှုကြောင့် အသက်ခုနစ်နှစ်အရွယ် လူငယ်လေးတစ်ဦး သေဆုံးခဲ့ကြောင်း Rescue 1122 မှ ပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်တွင် ထိုကောင်လေး၏မိခင်နှင့် ညီမငယ်တို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဘာလာဂါရီဒေသတွင် အလားတူအမိုးပြိုကျမှုကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ရာ မာဒန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုပြည်နယ်၏ ဒေသများစွာတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့သည်။ ပါကစ္စတန် မိုးလေဝသဌာန၏ ပြောကြားချက်အရ ပြည်နယ်မြို့တော် ပက်ရှဝါတွင် မိုးရေချိန် ၃၈ မီလီမီတာရွာသွန်းခဲ့ရာ အဓိကလမ်းကြောင်းများ ရေလွှမ်းမိုးမှုဖြစ်ပေါ်စေခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments