နောင်ချို၊ ကျိုင်းတုံ၊ တာချီလိတ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော်
အောက်တိုဘာ ၁၃
နောင်ချိုမြို့တွင်ငွေကျပ် ၂၂၂ သိန်းတန်ဖိုး၊ကျိုင်းတုံမြို့နယ်တွင်
ငွေကျပ်သိန်း ၄၀ တန်ဖိုး၊တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂၄ သိန်းတန်ဖိုးရှိ
မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိတရားခံများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ
အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ
၁၀ ရက် နံနက် ၇ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်
အနီးတွင် သီပေါမြို့နယ်၊ ဆောင်ကြဲရွာနေသူများဖြစ်သည့် မျိုးမြင့်(၄၃)နှစ်
မောင်းနှင်ပြီး မနီလာဝင်း (၄၂)နှစ် လိုက်ပါလာသော HONDA CLICK အမျိုးအစား ဆိုင်ကယ်အား
ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်းသိုဝှက်၍ ၎င်းတို့ ၂ ဦးသယ်ဆောင်လာသည့်
ဘိန်းဖြူ ၁၁၀ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့်
၎င်းဒေသတန်ဖိုးငွေကျပ် ၂၂ သိန်း)နှင့် စိတ်ကြွဆေးပြား ၄၀,၀၀၀
(တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၂၀၀) တို့ကို
ဖမ်းဆီးရမိသဖြင့် မျိုးမြင့်နှင့် မနီလာဝင်းတို့အား မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ထို့အတူ
အောက်တိုဘာ ၁၂ ရက် ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကျိုင်းတုံမြို့နယ်၊
ယန်းကျောက်ရွာအနီး ယန်းကျောက်ရွာနှင့် ကောင်းကျန့်ရွာသွားလမ်းတွင် လမ်းလျှောက်လာသူ
ကျိုင်းတုံမြို့နယ်၊ ကောင်းကျန့်ရွာနေ ပေါလု(၂၈)နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွဆေးပြား
၄,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၁,၀၀၀
နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၀)အား ဖမ်းဆီးရမိသဖြင့် ပေါလုအား
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ
ထားကြောင်း သိရသည်။
အလားတူ
အောက်တိုဘာ ၁၂ ရက် ညနေ ၅
နာရီခွဲတွင်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့နယ်၊
ဟိုနား (မဟင်လုံ)ရွာနေ မမီဖာ(၄၇)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ
စိတ်ကြွဆေးပြား ၄,၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၆၀၀
နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၄ သိန်း)ဖမ်းဆီးရမိ သဖြင့် မမီဖာအား
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)
No comments