ထိုင်းနိုင်ငံတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၂၄ ဦး ရှိလာ
အောက်တိုဘာ ၁
ထိုင်းနိုင်ငံတစ်ဝန်းတွင် စက်တင်ဘာလလယ်မှစ၍ ရေကြီးမှုများကြောင့် လူ ၂၄ ဦး သေဆုံးပြီး သန်းပေါင်းများစွာ ထိခိုက်ခဲ့ရကြောင်း အာဏာပိုင်များက ယမန်နေ့ကပြောကြားခဲ့သည်။
ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဌာန၏ အဆိုအရ ပြည်နယ် ၂၉ ခုနှင့် ဘန်ကောက်တွင် ရေကြီးမှုများ ဆက်လက်ဖြစ်ပွားနေပြီး အိမ်ထောင်စု ၁ ဒသမ ၁၂ သန်းကျော်နှင့် လူဦးရေ ၃ ဒသမ ၁၉ သန်း ထိခိုက်ခဲ့သည်။
နိုင်ငံ၏ဘူမိသတင်းအချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ဂြိုဟ်တုဒေတာများက နိုင်ငံတစ်ဝန်းတွင် မြေဧက ၁ ဒသမ ၇၁ သန်း (ဧက ၆၇၆၀၀၀ ခန့်) ရေကြီးနေဆဲဖြစ်ကြောင်း ပြသထားသည်။
အစိုးရပြောရေးဆိုခွင့်ရှိသူ အက်ကပုပ် ပီယန်ပီဆက်စ်က နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုအများစု လျော့ကျလာပြီဖြစ်သော်လည်း တောင်ပိုင်းအောက်ပိုင်းဒေသများတွင် မိုးဆက်လက် ရွာသွန်းလျက် ရှိကြောင်း ပြောကြားခဲ့သည်။ လက်ရှိရေအခြေအနေမှာ ထိန်းချုပ်နိုင်သည့် အခြေအနေ တွင် ရှိနေဆဲဖြစ်ပြီး ရေကြီးရေလျှံမှု ထပ်မံပေါ်ပေါက်လာခြင်းမရှိသေးကြောင်း ၎င်းက ထပ်မံပြောကြားသည်။
မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှု လျော့ကျသွားပြီးနောက် အောက်တိုဘာ ၄ ရက်မှ ၆ ရက်အတွင်း မိုးပြန်လည်ရွာသွန်းလာနိုင်ကြောင်း ခန့်မှန်းထားသည်။ အဆိုပါမိုးသည် ထိုင်းနိုင်ငံအလယ်ပိုင်းနှင့် ဘန်ကောက်မြို့ကိုလည်း သက်ရောက်မှုရှိနိုင်ကြောင်း အက်ကပုပ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဘန်ကောက်မြို့၏ အနောက်ဘက် ကန်ချနဘူရီခရိုင်ရှိ ရေကာတာများသည် ရေလှောင်ကန်များတွင် ရေပြည့်လျှံလုနီးပါးမဖြစ်စေရန် ရေထုတ်လွှတ်မှုများကို တိုးမြှင့်သွားမည်ဟု ၎င်းကဆိုသည်။
ရာချ်ဘူရီနှင့် စမွတ်ဆုန်ခရမ်ခရိုင်များကို ဖြတ်သန်းစီးဆင်းသည့် မဲကလောင်မြစ်၏ ရေထုတ်လွှတ်မှုကို တစ်စက္ကန့်လျှင် ကုဗမီတာ ၁၆၀၀ မှ ၂၀၀၀ အထိ တိုးမြှင့်မည်ဖြစ်ရာ မြစ်ကမ်းတစ်လျှောက် ရေအမြင့် ၈၀ စင်တီမီတာခန့် မြင့်တက်လာနိုင်ကြောင်းနှင့် မြစ်ကမ်းအနီးနေထိုင်သူများအနေဖြင့် ဘေးလွတ်ရာ ခိုလှုံရေးစခန်းများသို့ ပြောင်းရွှေ့ရေးကို စဉ်းစားထားကြရန် အသိပေးထားကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
.jpg)
No comments