သြစတြေးလျနိုင်ငံ၌ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း လျှပ်စစ်ကားရောင်းအား ၁၁၇ ရာခိုင်နှုန်း မြင့်တက်



အောက်တိုဘာ ၁

ဩစတြေးလျနိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ကားအသစ်ရောင်းချမှု စုစုပေါင်း၏ လေးပုံတစ်ပုံကျော်သည် လျှပ်စစ်ကားများဖြစ်သည်ဟု မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ အချက်အလက်အသစ်များအရ သိရသည်။

လျှပ်စစ်ကားကောင်စီ (EVC) ၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ကား ၁၅၇၉၅၇ စီး ရောင်းချခဲ့ရာ ၂၀၂၅ ခုနှစ် အလားတူကာလကထက်  ရောင်းအား ၁၁၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားသည်။

အဆိုပါခြောက်လတာကာလအတွင်း ဩစတြေးလျနိုင်ငံ၏ ကားအသစ်ရောင်းချမှု စုစုပေါင်းတွင် လျှပ်စစ်ကား၂၅ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမခြောက်လက ၁၂ ဒသမ ၁ ရာခိုင်နှုန်းမှ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားသည်။

ဘက်ထရီဖြင့်သာ မောင်းနှင်သည့် လျှပ်စစ်ကား (BEV) ၁၀၃၇၁၆ စီးနှင့် အားသွင်းနိုင်သည့် ဟိုက်ဘရစ်လျှပ်စစ်ကား (PHEV) ၅၄၂၄၁ စီး ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 နိုင်ငံတစ်ဝန်းတွင်ဇွန်လကုန်အထိ အများပြည်သူသုံး အားသွင်းစခန်း ၄၂၆၈ ခုရှိပြီး ယခင်နှစ်ကထက် ၂၃၅ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားသည်။

စက်တင်ဘာလတွင် မော်တော်ယာဉ်လုပ်ငန်း၏ အဓိကအဖွဲ့အစည်းဖြစ်သည့် Federal Chamber of Automotive Industries (FCAI) က သီးခြားထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ဩဂုတ်လအတွင်း ဘက်ထရီလျှပ်စစ်ကားများ (BEVs) သည် ကားအသစ်ဈေးကွက်၏ စံချိန်တင်အမြင့်ဆုံး ၂၄ ဒသမ ၉ ရာခိုင်နှုန်းအထိ ရရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.