လိုရာခရီး ဘေးမသီရန်မခ ရောက်ကြရအောင် (မြန်မာ့အလင်း)
၂၀၂၅ ခုနှစ်အတွင်း
မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှုပေါင်း ၃၃၄၈ မှုဖြစ်ပွားခဲ့ပြီး လူပေါင်း
၁၇၃၅ ဦး သေဆုံးကာ ၄၆၇၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု သက်ဆိုင်ရာမှထုတ်ပြန်သည့်
စာရင်းဇယားများအရ သိရသည်။ ယမန်နှစ်အတွင်း ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး
တစ်လျှောက် ယာဉ်မတော်တဆမှု စုစုပေါင်း ၁၈၀ ဖြစ်ပွားခဲ့ရာ ၆၄ ဦး သေဆုံးခဲ့ပြီး
ဒဏ်ရာရသူ ၃၄၁ ဦး ရှိခဲ့သည်။
အဝေးပြေးလမ်းမကြီးများတွင်
ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းများမှာ လမ်းပိုင်းဆိုင်ရာ
ချို့ယွင်းမှုနှင့် ရာသီဥတု ဆိုးရွားမှု၊ မဆင်မခြင်မောင်းနှင်မှုများက အဓိက
ပါဝင်သည်။ အချို့အဝေးပြေးလမ်းပိုင်းများတွင် လမ်းပျက်စီးမှုများ ဖြစ်ပေါ်နေခြင်း၊
မိုးရွာသွန်းချိန်တွင် ရေဝပ်နေခြင်း၊ လမ်းချော်ခြင်းနှင့် မြင်ကွင်း
ကြည်လင်ပြတ်သားမှုမရှိခြင်းတို့ကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားလေ့ရှိသည်။
ထို့အပြင် အဝေးပြေးလမ်းမကြီးများကို ဖြတ်သန်းမောင်းနှင်သည့် ဆိုင်ကယ်များ နှင့်
ကုန်တင်ယာဉ်ငယ်များ အရှိန်မထိန်းနိုင်ခြင်း၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်း၊
မဆင်မခြင် ကျော်တက်ခြင်း စသည်တို့ ကြောင့်လည်း
မတော်တဆမှုအများအပြားဖြစ်ပွားခဲ့သည်။
အမြန်လမ်းမကြီးအပါအဝင်
အဝေးပြေးလမ်းများပေါ်တွင် မော်တော်ယာဉ်မောင်းနှင်ရာ၌ ယာဉ်မောင်းသူများ
အိပ်ငိုက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းသည် ချက်ချင်းအသက်အန္တရာယ်
ဖြစ်စေနိုင်သည့် အကြောင်းရင်းများဖြစ်သည်။ အရှိန်ပြင်းစွာ မောင်းနှင်နေရသည့်
အဝေးပြေး လမ်းမပေါ်တွင် တစ်စက္ကန့်မျှ မျက်စိမှိတ်သွားခြင်း သို့မဟုတ်
သတိလွတ်သွားခြင်းသည်ပင်လျှင် ကြီးမားသော အသက်ဆုံးရှုံးမှုများကို ဖြစ်စေနိုင်သည်။
ခရီးရှည်ယာဉ်မောင်းနှင်နေသူတစ်ဦးသည်
ခန္ဓာကိုယ်ပင်ပန်း နွမ်းနယ်နေချိန်တွင် ဦးနှောက်၏ လုပ်ဆောင်ချက်
နှေးကွေးသွားသဖြင့် ရှေ့မှကားတစ်စီး ရုတ်တရက်ဘရိတ်အုပ်လိုက်ခြင်း သို့မဟုတ်
လမ်းပေါ်တွင် လူ/ တိရစ္ဆာန်ဖြတ်ပြေးသွားခြင်းကဲ့သို့သော အရေးပေါ် အခြေအနေကြုံရပါက
ဘရိတ်ကို အချိန်မီနင်းနိုင်တော့မည် မဟုတ်ခြင်း၊ ပင်ပန်းနွမ်းနယ်မှုကြောင့်
ရှေ့ကားနှင့်အကွာအဝေး၊ ကား၏ အရှိန်နှင့် လမ်းကွေ့များကို မှန်ကန်စွာမဆုံးဖြတ်နိုင်တော့ဘဲ
လမ်းချော်ခြင်း သို့မဟုတ် လမ်းဘေး ထိုးကျခြင်းများဖြစ်ပွားတတ်သည်။
အဝေးပြေးမောင်းနှင်သည့် ယာဉ်မောင်းသူသည် မိမိကိုယ်မိမိ မသိလိုက်ဘဲ ၁ စက္ကန့်မှ ၅
စက္ကန့်အထိ ခေတ္တအိပ်ပျော်သွားတတ်သည်။ တစ်နာရီ လျှင် မိုင် ၆၀ (ကီလိုမီတာ ၁၀၀)
ခန့်အရှိန်ဖြင့် မောင်းနှင်နေသော ကားတစ်စီးသည် ၅ စက္ကန့်အတွင်း ဘောလုံးကွင်း တစ်ကွင်းစာခန့်
အကွာအဝေးအထိ ယာဉ်မောင်းသူထိန်းချုပ်မှုမရှိဘဲ လွင့်ထွက်သွားနိုင်သဖြင့်
လွန်စွာအန္တရာယ်များသည်။
အိပ်ငိုက်ခြင်း
သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းဖြစ်လာပါက ဆက်တိုက်သန်းဝေနေခြင်း၊ မျက်တောင်ကို
မကြာခဏခတ်နေရခြင်း၊ လွန်ခဲ့သည့် မိနစ်ပိုင်းအတွင်း မိမိမောင်းနှင်ခဲ့သည့်
လမ်းခရီးကိုပင် သေချာစွာမမှတ်မိတော့ခြင်း၊ ကားကိုလမ်းကြောင်းတည့်တည့်တွင်
မမောင်းနိုင်တော့ဘဲ ဘေးလိုင်းများ ပေါ်သို့ တက်နင်းမိခြင်း၊ လမ်းဘေးမှ
တုန်ခါမှုပေးသော လိုင်းများပေါ်သို့ ရောက်သွားခြင်း၊ ရှေ့ကားနှင့်
အကွာအဝေးကပ်မိနေခြင်း လက္ခဏာတို့ဖြစ်ပေါ်လာရာ သတိပြုရ တော့မည်ဖြစ်သည်။
သို့ဖြစ်ရာ
ခရီးဝေးမောင်းနှင်ရမည့် ယာဉ်မောင်းသည် မထွက်ခွာမီညတွင် အနည်းဆုံး ၇ နာရီမှ ၈
နာရီအထိ အိပ်ရေးဝဝ အိပ်စက်ထားရန် လိုသည်။ ကားမောင်းချိန် ၂ နာရီပြည့်တိုင်း
သို့မဟုတ် မိုင် ၁၀၀ မောင်းနှင်ပြီးတိုင်း ကားရပ်နားစခန်းများတွင် အနည်းဆုံး ၁၅
မိနစ်ခန့် နားခြင်း၊ လမ်းလျှောက်ခြင်း၊ မျက်နှာသစ်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။
အိပ်ချင်စိတ်လျော့နည်းစေရန် ကဖင်းဓာတ်ပါသော သောက်စရာများ သောက်သုံးနိုင်သော်လည်း
ယင်းသည် ခေတ္တသာခံသဖြင့် အဓိက ဖြေရှင်းနည်းမှာ အနားယူခြင်းသာဖြစ်သည်။
အိပ်ငိုက်စေတတ်သည့် အအေးမိပျောက်ဆေး၊ အလာဂျီ (ယားယံ) ပျောက်ဆေး၊ ချောင်းဆိုး
ပျောက်ဆေးတို့သောက်ထားပါက အဝေးပြေးလမ်းပေါ်တွင် ကားမောင်းခြင်းကို
လုံးဝရှောင်ကြဉ်ကြရမည်ဖြစ်သည်။ ခရီးရှည်မောင်းနှင်ရာတွင် ယာဉ်မောင်း တစ်ဦးတည်း
ပင်ပန်းနေပါက လိုင်စင်ရှိသည့် အခြားသူတစ်ဦးနှင့် လဲလှယ်မောင်းနှင်နိုင်ရန်
စီစဉ်ထားရန် လိုသည်။
သီတင်းကျွတ်
ရုံးပိတ်ရက်ကာလအတွင်း ခရီးဝေးသွားလာမှု များပြားခြင်းကြောင့် အဝေးပြေး လမ်းများပေါ်တွင်
ပုံမှန်ထက် ယာဉ်သွားလာမှု ပိုမိုများပြားလျက်ရှိရာ ယာဉ်အန္တရာယ် ဖြစ်ပွားနိုင်ခြေသည်လည်း
ပုံမှန်ထက်ပိုမိုမြင့်မားနေမည်ဖြစ်သည်ကို သတိပြုကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ
ခရီးဝေးမောင်းနှင်မည့် ယာဉ်မောင်းများအားလုံး ခရီးမထွက်ခွာမီ ယာဉ်ကြံ့ခိုင်မှုကို
သေချာစွာ စစ်ဆေးရန်၊ သတ်မှတ် အမြန်နှုန်းအတိုင်း မောင်းနှင်ရန်နှင့်
ယာဉ်ပေါ်ပါသူအားလုံး ထိုင်ခုံ ခါးပတ်များအမြဲပတ်ထားကြရန်၊
သတိပေးနှိုးဆော်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် ပင်ပန်းနွမ်းနယ်လာပါက
အသက်ထက်ပို၍ ဘာမှအရေးမကြီးသည်နှင့်အညီ အချိန်အနည်းငယ်မျှ အနားယူ
အိပ်စက်လိုက်ခြင်းက လိုရာခရီးကို ဘေးမသီရန်မခချောမွေ့စွာ ရောက်ရှိနိုင်ကြပါမည့် အကြောင်း။

No comments