တရုတ်ဘာသာစကားတတ်ကျွမ်းမှုကြောင့် နမီးဘီးယားတက္ကသိုလ်ကျောင်းသားများအတွက် အလုပ်အကိုင်များရရှိရန် အခွင့်အလမ်းရှိလာ

 


ဝင်းဒေါ့စ်      အောက်တိုဘာ      ၁၃

အာဖရိကဒေသရှိ   နမီးဘီးယားတက္ကသိုလ်တွင် တရုတ်ဘာသာစကားတတ်ကျွမ်းသူများအတွက် အလုပ်အကိုင်ရှာဖွေရေးပွဲတော်တစ်ရပ်အား ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁၀ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ လုပ်ငန်း ၃၀ ခန့်ပါဝင်သည့် အဆိုပါပွဲတော်သည် နမီးဘီးယားတက္ကသိုလ်ကျောင်းသားများနှင့် ဘွဲ့ရများ အား ၎င်းတို့၏ တရုတ်ဘာသာစကား တတ်ကျွမ်းမှုအပေါ်မူတည်၍ အလုပ်အကိုင်ရရှိမည့် ပွဲတော်တစ်ရပ်လည်း ဖြစ်သည်။

နမီးဘီးယားတက္ကသိုလ် ကွန်ဖြူးရှပ်အင်စတီကျုနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း  တရုတ်-အာဖရိက  လေ့လာရေးစင်တာတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ယခုပွဲတော်သည် နမီးဘီးယားနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်နေသည့် တရုတ်စီးပွားရေးလုပ်ငန်းများအား ဒေသခံတရုတ်ဘာသာစကားကျွမ်းကျင်သူများ၊ တရုတ်နိုင်ငံတွင် ပညာသင်ကြားခဲ့သည့် နမီးဘီးယားနိုင်ငံသားများနှင့်  ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုကျင်းပသည့် အလုပ်အကိုင်ရှာဖွေရေးပွဲတော်သည် မိမိ၏တရုတ်ဘာသာစကားတတ်ကျွမ်းမှုအား လက်တွေ့ အသုံးချရန်  အခွင့်အလမ်းတစ်ခုကို   ပေးအပ်ခဲ့ကြောင်း နမီးဘီးယားတက္ကသိုလ်မှ ဘွဲ့ရတစ်ဦးဖြစ်သူ ဆွိုင်းနန်ဒါလမ် ဘီလီလ်ဝါက ပြောကြားသည်။

ယခုပွဲတော်သည် အလုပ်ရှာဖွေနေသည့်  လူငယ်များနှင့်  ကျောင်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေမည့်   အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ကြောင်း   ၎င်းက ပြောကြားသည်။

အဆိုပါ အလုပ်အကိုင်ရှာဖွေရေးပွဲတော်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂလိကနှင့် နိုင်ငံပိုင်ကုမ္ပဏီများသည် သတ္တု တူးဖော်ရေး၊ ကုန်ထုတ်လုပ်မှု၊ ခရီးသွားလုပ်ငန်း၊ လမ်းတံတားတည်ဆောက်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး ကဲ့သို့သော ကဏ္ဍများကို ကိုယ်စားပြုခဲ့ပြီး သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများက အလုပ်အကိုင်အခွင့်အလမ်းများ၊ လက်တွေ့လုပ်ငန်းခွင်ဆိုင်ရာ  လေ့လာသင်ယူခွင့်နှင့် ဘွဲ့ရများအတွက်   လေ့ကျင့်သင်ကြားရေး အစီအစဉ်များနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။                                            

ဆင်ဟွာ

No comments

Powered by Blogger.