နယူးဇီလန်ကမ်းခြေတွင် ဝေလငါး ၁၂ ကောင် သောင်တင်သေဆုံး
အောက်တိုဘာ ၂
နယူးဇီလန်နိုင်ငံ ကိုးဆယ်မိုင်ကမ်းခြေတွင် ဝေလငါး ၁၂ ကောင် သောင်တင်သေဆုံးခဲ့ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရာရှိများ၊ မာအိုရီမျိုးနွယ်စုများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းပြီး အသက်ရှင်ကျန်ရစ်သော ဝေလငါးများကို ကယ်တင်ရန် ဆက်လက်ကြိုးပမ်းလုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။
ယခုအချိန်အထိ ဝေလငါး ၁၂ ကောင်နှင့် ၁၅ ကောင်အကြား သေဆုံးခဲ့ပြီး နယူးဇီလန်နိုင်ငံ Far North ဒေသကမ်းခြေမှ ပင်လယ်ထဲသို့ ပြန်လည်မျောပါသွားနိုင်ခဲ့သည့် ဝေလငါးအရေအတွက်ကိုမူ အတိအကျ မသိရသေးကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန တာဝန်ရှိသူတစ်ဦးက ရေဒီယိုနယူးဇီလန် အာအင်န်ဇက်သို့ ယနေ့တွင် ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့တွင် ခက်ခဲသောအခြေအနေများအကြား ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဌာနသည် Far North ဒေသရှိ မာအိုရီမျိုးနွယ်စုများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ သေဆုံးသွားသော ဝေလငါးများကို မြှုပ်နှံရန် ရွှေ့ပြောင်းနေသည်ဟု သိရသည်။
အရှည် ၂ ဒသမ ၆ မီတာအထိ ကြီးထွားနိုင်သော ပင်လယ်ပြင်နေလင်းပိုင်မျိုးစိတ်ဖြစ်သည့် ဝေလငါးများသည် ကိုးဆယ်မိုင်ကမ်းခြေတွင် ယခင်ကလည်း သောင်တင်ခဲ့ဖူးသည်။ ၂၀၁၈ ခုနှစ်တွင် ဝေလငါး၁၂ ကောင်ခန့် သောင်တင်နေခဲ့ရာ ၎င်းတို့အနက် ရှစ်ကောင်ကို တစ်ဖက်ကမ်းရိုးတန်းရှိ ပိုမိုငြိမ်သက်သောရေပြင်သို့ ပို့ဆောင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ပင်လယ်ထဲသို့ ပြန်လည်လွှတ်ပေးရန် ကြိုးပမ်းရာတွင် တစ်ကောင်သာအသက်ရှင်ကျန်ရစ်ခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments