မလေးရှားနိုင်ငံတွင် အခက်အခဲဒုက္ခများ ကြုံတွေ့ခဲ့ရပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား နေရပ်ဒေသများသို့ ပြန်လည်ပို့ဆောင်ပေး
မြိတ် အောက်တိုဘာ ၁၄
နိုင်ငံတော်မှ ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဒုက္ခများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ခဲ့ရာ အောက်တိုဘာ ၄ ရက်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ၎င်းတို့အနက်မှ ၁၄၂ ဦးသည် ရန်ကုန်မြို့မှတစ်ဆင့် မြိတ်မြို့သို့ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာရာ မြိတ်ဆိပ်ကမ်း၌ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ထိုသို့ တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင်သူ ၁၄၂ ဦးအား ရန်ကုန်မြို့မှ မြိတ်မြို့သို့ စစ်ရေယာဉ် ပြည်တော်အေး(၄)ဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ပြန်လည်ရောက်ရှိလာကြသူများကို ဆိပ်ငယ် ဗောတံတားတွင် နယ်မြေခံလေတပ်စခန်းဌာနချုပ်မှူး၊ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ထို့နောက် ခရိုင်အားကစားခန်းမတွင် ခေတ္တထားရှိ၍ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ UID စစ်ဆေးခြင်း၊ e-ID စစ်ဆေးခြင်းနှင့် PSMS စစ်ဆေးခြင်းတို့ကို တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာ မြို့နယ်များထံသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)

No comments