ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် တောမီးလောင်မှုအန္တရာယ် အလွန်မြင့်မားကြောင်း သတ်မှတ်ကြေညာ



အောက်တိုဘာ ၁၂

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် အပူချိန်မြင့်တက်လာမည့် ခန့်မှန်းချက်များနှင့် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်နိုင်ခြင်းကြောင့် တောမီးလောင်ကျွမ်းနိုင်သည့်အန္တရာယ် အလွန်မြင့်မားနေကြောင်း အာဏာပိုင်များက ယနေ့တွင် သတ်မှတ်ကြေညာခဲ့သည်။

နယူးဆောက်ဝေးလ်ပြည်နယ်ကျေးလက်မီးသတ်ဌာနသည် ဆစ်ဒနီမြို့တော်ဧရိယာတစ်ဝန်းနှင့် အနီးအနားရှိ ဂရိတ်တာဟန်တာဒေသတို့၌ မီးရှို့ခြင်းလုံးဝတားမြစ်မိန့်ကို ထုတ်ပြန် အကောင်အထည်ဖော်ခဲ့ပြီး ဒေသခံများအနေဖြင့် မိမိတို့၏ အသက်အိုးအိမ်နှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရေးအတွက် ချက်ချင်းကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

မိုးလေဝသဌာန၏ခန့်မှန်းချက်အရ ယနေ့မွန်းလွဲပိုင်းတွင် ဆစ်ဒနီမြို့အလယ်ပိုင်းတွင် အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထိရောက်ရှိနိုင်ပြီး မြို့၏အနောက်ဘက်ဆင်ခြေဖုံးဒေသများတွင် အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်နိုင်ကြောင်း သိရသည်။

ပြည်နယ်၏ ဒေသများစွာကို ပြင်းထန်သော မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နိုင်ခြေရှိခြင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်ကြောင်း ကျေးလက်မီးသတ်ဌာန ကော်မရှင်နာ Trent Curtin က သြစတြေးလျ အသံလွှင့်ဌာန ရေဒီယိုသို့ ပြောကြားခဲ့သည်။

မိုးလေဝသဌာနက ယနေ့တွင် နိုင်ငံ၏ ဝေးလံခေါင်သီသောဒေသမှ လေပြင်းများသည် ဆစ်ဒနီမြို့တစ်ဝန်းသို့ တိုက်ခတ်လာမည်ဖြစ်ပြီး ခြောက်သွေ့သော သဲကန္တာရလေများကို သယ်ဆောင်လာကာ အပူချိန်ကို ၃၀ ဒီဂရီစင်တီဂရိတ် အလယ်ပိုင်းမှ အမြင့်ပိုင်းအထိ မြင့်တက်မည် ဟု ပြောကြားခဲ့သည်။ ယင်းကဲ့သို့သော ရာသီဥတုအခြေအနေတွင် မီးစတင်လောင်ကျွမ်းပါက လျင်မြန်စွာ ပျံ့နှံ့သွားနိုင်ပြီး မီးငြှိမ်းသတ်ထိန်းချုပ်ရန် အလွန်ခက်ခဲနိုင်သည် ဟုလည်း သတိပေးပြောကြားခဲ့သည်။

မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်လာသော်လည်း မိုးရေချိန်များစွာ ရွာသွန်းမည်ဟု မျှော်လင့်မထားကြောင်းနှင့် မိုးရွာသွန်းမှုမရှိဘဲ မိုးကြိုးပစ်ခတ်မှုကြောင့် စတင်လောင်ကျွမ်းလာသည့် မီးများသည် သက်ဆိုင်ရာအာဏာပိုင်များအတွက် ကိုင်တွယ်ဖြေရှင်းရန်အခက်အခဲ ဖြစ်လာနိုင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.