သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး



နေပြည်တော် အောက်တိုဘာ ၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိဝန်ထမ်းများက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသူများက သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။


ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit – CPU) များနှင့်တွေ့ဆုံပြီး တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက အဂတိလိုက်စားမှုသည် နိုင်ငံ တစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရာတွင် အဓိကအဟန့်အတားပြုနိုင်သည့်၊ လူ့အဖွဲ့အစည်းကို ဖျက်ဆီးတတ်သည့် “ရောဂါဆိုးကြီး တစ်ခု”ဟု ဆိုနိုင်ကြောင်း၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျကျန်ရစ်စေပါကြောင်း၊ အဆိုးရွားဆုံးအနေဖြင့် ဌာနဆိုင်ရာများအပေါ် ပြည်သူလူထု၏ ယုံကြည်မှုများ လျော့ကျစေပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်မိပါက ဥပဒေအရ ထိရောက်စွာအရေးယူခံရမည့်အပြင် လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် မိမိနှင့် မိသားစု၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အထူးသိရှိရှောင်ကြဉ်ရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းကကော်မရှင်အနေဖြင့် ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှု လျော့နည်းရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာများတိုးပွားလာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။    

သတင်းစဉ်

No comments

Powered by Blogger.