ကမ္ဘောဒီးယားနိုင်ငံ၌ မုန်တိုင်းသုံးလုံး၏သက်ရောက်မှုများကြောင့်မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်စေသဖြင့် ရာသီဥတုသတိပေးချက် ထုတ်ပြန်
အောက်တိုဘာ ၆
ကမ္ဘောဒီးယားနိုင်ငံတွင် အပူပိုင်းမုန်တိုင်း သုံးလုံး၏ သက်ရောက်မှုများကြောင့် အောက်တိုဘာ ၆ ရက်မှ ၁၀ ရက်အတွင်း ရေလမ်းအသုံးပြုသူများအား အထူးသတိထားရန် ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာနက အကြံပြုထားပြီး ယနေ့တွင် ရာသီဥတုသတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ဝန်ကြီးဌာန၏ သတိပေးချက်အရ အပူပိုင်းမုန်တိုင်း Surigae နှင့်အတူ တိုင်ဖွန်း Nolo နှင့် Koguma တို့၏ သက်ရောက်မှုများကို ကြုံတွေ့နေရသည်ဟု သိရသည်။
ကမ္ဘောဒီးယားနိုင်ငံသည် မုန်တိုင်းသုံးခု၏ တိုက်ရိုက်လမ်းကြောင်းပေါ်တွင် မရှိသော်လည်း မုန်တိုင်းစနစ်သုံးခု ပေါင်းစပ်သက်ရောက်မှုကြောင့် မိုးရွာသွန်းမှု ပိုမိုများပြားလာခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။
အထူးသဖြင့် မဲခေါင်မြစ်ဝှမ်း၊ ကမ်းရိုးတန်းရေပြင်များနှင့် နိုင်ငံတစ်ဝန်းရှိ မြေနိမ့်ပိုင်းနှင့် တောင်ပေါ်ဒေသများတွင် မိုးပိုမိုသည်းထန်စွာ ရွာသွန်းနိုင်ပြီး လေပြင်းများလည်း တိုက်ခတ်နိုင်သည်။
Koh Kong၊ Preah Sihanouk၊ Kampot နှင့် Kep အပါအဝင် ကမ်းရိုးတန်းပြည်နယ်များနှင့် Bokor တောင်တန်းများသည် မိုးကြိုးမုန်တိုင်းများ၊ လေပြင်းတိုက်ခတ်မှုများနှင့် မိုးရွာသွန်းမှုများကို ဒေသ၏ ၄၀ ရာခိုင်နှုန်းအထိ ကြုံတွေ့ရနိုင်သည်ဟု သတိပေးချက်တွင် ဖော်ပြထားသည်။
ပင်လယ်ပြင်အခြေအနေများလည်း ပိုမိုဆိုးရွားလာနိုင်ပြီး ပင်လယ်လှိုင်းအမြင့် ပျမ်းမျှ ၀ ဒသမ ၅ မီတာမှ ၁ ဒသမ ၇၅ မီတာအထိ ရှိနိုင်ပြီး မိုးရွာသွန်းခြင်း၊ မိုးကြိုးမုန်တိုင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများသည် မြေပြန့်ဒေသ၏ ၅၀ ရာခိုင်နှုန်းအထိနှင့် ကုန်းမြင့်ဒေသ၏ ၆၀ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။
မိုးလေဝသခန့်မှန်းချက်အရ ပြည်သူများအနေဖြင့် ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကို အထူးသတိပြုကြရန် လိုအပ်ပြီး အထူးသဖြင့် ကုန်းလမ်း သို့မဟုတ် ရေလမ်းဖြင့် ခရီးသွားလာသူများအနေဖြင့် အထူးသတိထားကြရန် ထိုဝန်ကြီးဌာနက သတိပေးထားသည်။
ဝန်ကြီးဌာနက မိုးလေဝသအခြေအနေများကို ဆက်လက်၍အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ပြီး အခြေအနေများ ပြောင်းလဲလာပါက အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များကို ထုတ်ပြန်ပေးသွားမည်ဟု ထပ်မံပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments