ဝါလကင်းလွတ်သီတင်းကျွတ် ဆီမီးမြင်းမိုရ်ထွန်းညှိပူဇော် (ကြေးမုံ)



သုံးလောကထွတ်ထား မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၉ ခုနှစ် ဝါဆိုလပြည့်နေ့ ညနေပိုင်းတွင် သာဝတ္ထိပြည်အနီး ကောသလဘုရင်၏ ဥယျာဉ်ရှိ သရက်ဖြူပင်အနီးတွင် တိတ္ထိတို့ကို နှိမ်နင်းတော်မူရန် ရေမီးအစုံ တန်ခိုးပြာဋိဟာပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်းပြသတော်မူခဲ့သည်။ ယင်းနေ့ တန်ခိုးပြာဋိဟာပြပွဲကြီးအပြီး မယ်တော်မိနတ်သားကို အဘိဓမ္မာတရား ဟောကြား တော်မူခြင်းဖြင့် ကျေးဇူးတော်ဆပ်ရန် ခြေလှမ်းနှစ်လှမ်းဖြင့် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူပြီး သတ္တမဝါကပ်တော်မူသည်။

 

ဗုဒ္ဓမြတ်စွာဘုရား တာဝတိံသာနတ်ပြည်သို့ ကြွတော်မူသည်ကို တန်ခိုးပြာဋိဟာပြပွဲရှိ လူပရိသတ်များ လုံးဝ မသိရှိလိုက်ပေ။ ဘုရားရှင်ပျောက်ကွယ်သွား၍ အရှင်အနုရုဒ္ဓါ မထေရ်မြတ်အား မေးမြန်း လျှောက်ထားရာ တာဝတိံသာနတ်ပြည်၌ ပင်လယ်ကသစ်ပင်ရင်းတွင် ခင်းကျင်းထားသော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာတွင် ဝါကပ်တော်မူ၍ မယ်တော်မိနတ်သား အမှူးပြုသော နတ်ဗြဟ္မာ အပေါင်းတို့အား အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူရန် ကြွသွားတော်မူကြောင်း သိရှိကြရ သည်။ လူထုပရိသတ်ကြီးသည် ဘုရားရှင်အား မဖူးမြော်ရဘဲ ငါတို့မသွားကြကုန်ဟု တိုင်ပင်ကြပြီး ထိုအရပ်၌ ယာယီမဏ္ဍပ်များ ဆောက်လုပ်နေထိုင်ကြသည်။ သီတင်းကျွတ်လပြည့် မဟာပဝါရဏာ နေ့တွင် သင်္ကဿမြို့သို့ ကြွဆင်းတော်မူမည်ဖြစ်ကြောင်း ကြားသိရသည်။

 

သန္တုဿိတမည်သော မယ်တော်မိနတ်သားအမှူးပြုသည့် စကြဝဠာတိုက် တစ်သောင်းတို့မှ နတ်ဗြဟ္မာ ပရိသတ်အလယ်တွင် အဘိဓမ္မာတရားတော်မြတ်ကို ဝါတွင်းသုံးလပတ်လုံး နေ့ညမစဲဟောကြားတော် မူပြီး သီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ မြတ်စွာဘုရားသည် သိကြားမင်းအား “ငါဘုရားသည် လူ့ပြည်ခရီးသို့ ပြန်ကြွပေတော့အံ့”ဟု မိန့်တော်မူသည်။ ဤတွင်သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း သုံးသွယ်ကို ဖန်ဆင်းပေးသည်။ မြတ်စွာ ဘုရားရှင်သည် လူ့ပြည်သို့ သက်ဆင်းသည့်အခါ မြင်းမိုရ်တောင်ထိပ်တွင် ရပ်တော်မူ၍ ရေမီးအစုံနှင့် တန်ခိုးပြာဋိဟာတို့ကိုပြတော်မူပြီး အထက်ကောင်းကင်သို့ ကြည့်တော်မူသည်။ အထက်ဗြဟ္မပြည်မှ အောက်အဝီစိငရဲတိုင်အောင် အတားအဆီးမရှိ ဟင်းလင်းကြီးဖြစ်သွားသည်။ နတ်ဗြဟ္မာတို့က လူတို့ကို မြင်ရ၏။ လူတို့က နတ်ဗြဟ္မာတို့ကို မြင်ရ၏။

 

ထိုအခါ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်မူသည်။ လူ့ပြည်သို့အရောက် စောင်းတန်းဦး၌ လက်ယာခြေတော်ချမိလျှင် ရှင်သာရိပုတ္တရာက ဦးစွာရှိခိုးပူဇော်၏။ ထို့နောက် ကျန်ပရိသတ်များက ရှိခိုးပူဇော်ကြသည်။ ထို့နောက် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့က ဘုရားရှင်အား သောင်းသောင်းဖြဖြ ပူဇော်ပွဲကြီးဆင်ယင်ကြသည်။ မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ ရောက်လာချိန်တွင် ယင်းပူဇော်ပွဲကြီးကို အကြောင်းပြု၍ မြန်မာ့ယဉ်ကျေးမှု ရာသီပွဲတော်အဖြစ် သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားရှင်အား ရည်မှန်းကာ မီးရှူး၊ မီးပန်း၊ မီးပုံး၊ မီးရောင်စုံများဖြင့် ပူဇော်ကြသည်။ မြန်မာတို့သည် ဗုဒ္ဓမြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ ဆင်းသက်လာသည်ကို အကြောင်းပြု၍ တာဝတိံသာပွဲတော်ဟု လည်းကောင်း၊ တာဝတိံသာနတ်ပြည် မြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ မီးမြင်းမိုရ်ပွဲဟူ၍လည်းကောင်း အမျိုးမျိုးခေါ်ဝေါ်ကြသည်။

 

သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းတော်အချင်းချင်း တောင်းပန်လျှောက်ထားသည့် ပဝါရဏာပွဲ ပြုလုပ်ကြသည်။ ဗုဒ္ဓမြတ်စွာ၏ ပဝါရဏာပွဲသည် သူတစ်ပါးတို့၏ ဝေဖန်ရေးကို အနူးအညွတ် ဖိတ်ခေါ်သောပွဲဖြစ်သည်။ လမ်းစဉ်ကောင်းဖြင့် သံဃာတော်အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ပုဂ္ဂိုလ်သန့်စင်ရေး တရားများကို ရယူနိုင်ခဲ့သည်မှာ နှစ်ပေါင်းထောင်ချီ ရှိပြီဖြစ်သည်။ သီတင်း ကျွတ်လျှင် သံဃာတော်များက ဘုရားရှင်အား ဖူးမြော်ကန်တော့သည့် အစဉ်အလာကိုအကြောင်း ပြု၍ မင်းမိဖုရားတို့အား ကန်တော့ကြသည့် အလေ့ရှိသည်။ ယင်းကိုပင်အစွဲပြု၍ ရှေးရှေးကပင် ဗုဒ္ဓဘာသာဝင်တို့သည် သီတင်းဝါလကျွတ်သည့်အခါ သက်ကြီးဝါကြီးများအား ပူဇော်ကန်တော့ ကြသော အစဉ်အလာကောင်းကို တည်ဆောက်ခဲ့သည်။ မြန်မာတို့၏ ကောင်းမြတ်သည့် အစဉ်အလာ ကောင်းများကို မျက်မှောက်ကာလထိတိုင် နှစ်ဖက်မိဘဘိုးဘွားများ၊ ဆရာသမားများ၊ သက်ကြီး ဝါကြီးများအား ဝတ္ထုပစ္စည်းစားဖွယ်များဖြင့် ပူဇော်ကန်တော့လေ့ရှိသည်။

 

သီတင်းကျွတ်ကာလသည် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဖူးမြော်ကြည်ညို ကန်တော့ခြင်း၊ ဆီမီးရောင်စုံ ထွန်းညှိပူဇော်ခြင်း၊ သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်းတို့သည် အပြစ်ကို ကုစားသော (ဝါ) အပြစ်ကို ပပျောက်စေသော နည်းလမ်းကောင်းဖြစ်သည်။ သံသရာခရီးသည်များသည် အတိတ်ဘဝများ၌ဖြစ်စေ၊ မျက်မှောက်ဘဝ၌ဖြစ်စေ ကိုယ်နှုတ်နှလုံးသုံးပါးစလုံးတို့တွင် တစ်ပါးပါးဖြင့် တစ်ဦးအပေါ်တစ်ဦး ပြစ်မှားခဲ့မှုများရှိနိုင်သည်။ ယင်းအပြစ်များကို တောင်းပန်ကန်တော့သော နည်းဖြင့် ပပျောက်စေရန် မြတ်စွာဘုရားက ဟောကြားတော်မူခဲ့သည်။ ထိုကဲ့သို့သော ကောင်းမြတ်သည့် အစဉ်အလာကောင်းများကို ယခုသီတင်းကျွတ် လပြည့်အခါသမယတွင် ဗုဒ္ဓ ဘာသာဝင် အပေါင်းတို့သည် မပျက်မကွက်ပြုလုပ်ကြ၍ ကောင်းကျိုးများကို ဆောင်ကြဉ်းနိုင်မည် ဖြစ်ပါကြောင်း။ ။

No comments

Powered by Blogger.