တောင်ကိုရီးယားနိုင်ငံ၌ စက်တင်ဘာလအတွင်း တင်သွင်းကားရောင်းချမှု ၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်



အောက်တိုဘာ ၆

 တောင်ကိုရီးယားနိုင်ငံ၏တင်သွင်းကားရောင်းချမှုသည် စက်တင်ဘာလအတွင်း ၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး လျှပ်စစ်ကား (EV) များနှင့် ဂျာမန်ဇိမ်ခံကားများအပေါ် ဝယ်လိုအားကောင်းလာခြင်းကြောင့် ရောင်းချမှုမြင့်တက်ခဲ့ကြောင်း စက်မှုလုပ်ငန်းဆိုင်ရာ အချက်အလက်များ ယနေ့တွင် ဖော်ပြထားသည်။

ကိုရီးယားမော်တော်ယာဉ်တင်သွင်းသူများနှင့် ဖြန့်ဖြူးသူများအသင်း၏ပြောကြားချက်အရ စက်တင်ဘာလ တွင် အသစ်တင်သွင်းလာသော ခရီးသည်တင်ကား အရေအတွက်သည် ယခင်နှစ်ကထက် ၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ၃၄၉၀၄ စီး ရှိလာခဲ့သည်ဟု သိရသည်။

ယခုနှစ် ပထမကိုးလအတွင်း တင်သွင်းကား ၂၇၉၇၂၉ စီး ရောင်းချခဲ့ရပြီး ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၄ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

အမေရိကန်ကားထုတ်လုပ်ရေးကုမ္ပဏီ Tesla သည် တောင်ကိုရီးယားနိုင်ငံအတွင်း နိုင်ငံခြားကားကုမ္ပဏီများအနက် ကားအစီးရေ ၁၂၃၇၂ စီး ရောင်းချခဲ့ပြီး ရောင်းအားအကောင်းဆုံးအဖြစ် ထိပ်ဆုံးနေရာတွင် ရပ်တည်ခဲ့သည်။

ဂျာမန်ကားထုတ်လုပ်ရေးကုမ္ပဏီ BMW  သည် ကားအစီးရေ ၆၀၆၆ စီး ရောင်းချခဲ့ပြီး ဒုတိယနေရာတွင် ရပ်တည်ကာ ဂျာမန်ကားထုတ်လုပ်ရေးကုမ္ပဏီ Mercedes-Benz က ၅၄၇၇ စီး ဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။

 တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီ BYD  သည် ကားအစီးရေ ၂၆၁၄ စီး ရောင်းချခဲ့ပြီး စတုတ္ထနေရာတွင် ရပ်တည်ခဲ့သည်။  ထို့နောက် Volvo က ၁၄၁၄ စီး၊ Lexus က ၁၀၆၄ စီး နှင့် Toyota က ၉၇၁ စီး အသီးသီး ရောင်းချခဲ့ကြသည်။

ပြီးခဲ့သည့်လက ရောင်းချခဲ့သည့် ဥရောပကားမော်ဒယ်အရေအတွက် ၁၇၅၇၈ စီး ရှိပြီး စုစုပေါင်းတင်သွင်းကားဈေးကွက်၏ ၅၀ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်။ အမေရိကန်၊ တရုတ်နှင့် ဂျပန်ကားအမှတ်တံဆိပ်များ၏ ဈေးကွက်ဝေစု ၃၆ ဒသမ ၁ ရာခိုင်နှုန်း၊ ၇ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၉ ရာခိုင်နှုန်း အသီးသီး ရှိသည်ဟု သိရသည်။

လောင်စာအမျိုးအစားအလိုက် ဘက်ထရီစွမ်းအင်သုံး လျှပ်စစ်ကား (EV) များက ၅၂ ဒသမ ၁ ရာခိုင်နှုန်း ဖြင့် အများဆုံးဖြစ်ပြီး ဟိုက်ဘရစ်ကားများက  ၃၉ ဒသမ ၀ ရာခိုင်နှုန်း၊ ဓာတ်ဆီကား များက ၈ ဒသမ ၂ ရာခိုင်နှုန်းနှင့် ဒီဇယ်ကားများက ၀ ဒသမ ၇ ရာခိုင်နှုန်း အသီးသီး ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.