သီရိလင်္ကာတွင် လျှပ်စစ်စွမ်းအင်သုံးခရီးသည်တင်ဒရုန်း စမ်းသပ်ပျံသန်းရန် စီစဉ်

 


ကိုလံဘို  အောက်တိုဘာ  ၁၉

သီရိလင်္ကာနိုင်ငံသည်    လျှပ်စစ် စွမ်းအင်သုံး လေကြောင်းသယ်ယူပို့ဆောင်ရေးစနစ်ကို မိတ်ဆက်ရန်   ရည်ရွယ်သည့် ရှေ့ပြေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ်  လာမည့်နိုဝင်ဘာလအစောပိုင်းတွင် ပထမဆုံးအကြိမ် ခရီးသည်တင် ဒရုန်းစမ်းသပ် ပျံသန်းမှုကိုပြုလုပ်ရန် စီစဉ်ထားကြောင်း ဒေသတွင်း Daily Mirror သတင်းစာက လေကြောင်းဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

သီရိလင်္ကာအရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးချုပ်  ဒါမင်ဒါ ရမ်ဘုမ်ဝဲယ်လာက EHang အမှတ် တံဆိပ်  လူနှစ်ဦးစီးဒရုန်းယာဉ်သည် ထိုင်းနိုင်ငံမှတစ်ဆင့် ဘန်ဒါရာနာရက အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ရောက်ရှိလာပြီဖြစ်ကြောင်း  ပြောကြားသည်။

မိတ်ဆက်ပျံသန်းမှုကို အောက်တိုဘာ ၃၀ ရက် သို့မဟုတ် ၃၁ ရက်၊ မဟုတ်ပါက နိုဝင်ဘာလပထမပတ်အတွင်း ကိုလံဘို ဆိပ်ကမ်းမြို့မှစတင်ရန် လျာထားကြောင်း သိရသည်။ ဒရုန်းပျံသန်းမည့်နေရာကို အောက်တိုဘာ  ၂၃ ရက်တွင်  ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် ဆုံးဖြတ်မည်ဖြစ်သည်။

ဒုတိယမြောက်ဒရုန်းယာဉ်သည်   နိုဝင်ဘာ  ၂၈   ရက်တွင်  ရောက်ရှိဖွယ်ရှိပြီး    လာမည့်နှစ်တွင် ခရီးသည်လေးဦးမှ     ခြောက်ဦးအထိ လိုက်ပါစီးနင်းနိုင်သည့်    ပိုမိုကြီးမားသော  ဒရုန်းယာဉ်ကိုလည်း မိတ်ဆက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။      

ဆင်ဟွာ

No comments

Powered by Blogger.