တောင်ကိုရီးယား၌ ဓာတုဗေဒစက်ရုံကြီးမီးလောင်မှုဖြစ်ပွားသဖြင့် အလုပ်သမား ၇၀၀၀ ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း
အောက်တိုဘာ
၁၄
တောင်ကိုရီးယားနိုင်ငံ
အရှေ့တောင်ပိုင်းရှိ စက်မှုမြို့တော် အူလ်ဆန်တွင် ဓာတုဗေဒစက်ရုံကြီး မီးလောင်မှု ဖြစ်ပွားသဖြင့်
အလုပ်သမား ၇၀၀၀ ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု ယွန်ဟပ်သတင်းဌာန၏ ပြောကြားချက်အရ
သိရသည်။
ဆိုးလ်မြို့၏
အရှေ့တောင်ဘက် ၃၀၀ ကီလိုမီတာခန့်အကွာ အူလ်ဆန်ရှိ ဓာတုဗေဒစက်ရုံတွင် ဒေသစံတော်ချိန်
နံနက် ၉ နာရီ ၄၁ မိနစ်ခန့်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားစဉ်
စက်ရုံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ဝန်ထမ်း ၁၂ ဦးစလုံး ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ
ဘေးကင်းစွာထွက်ခွာနိုင်ခဲ့ကြကြောင်း ဖော်ပြထားသည်။
အဆိုပါမီးလောင်မှုသည်
အလွန်လောင်ကျွမ်းလွယ်သော ပစ္စည်းတစ်မျိုးဖြစ်သည့် တိုလူအင်း toluene လီတာ ၈၀၀၀ ပါရှိသော
အပြင်ဘက်သိုလှောင်ကန်မှ စတင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မီးလောင်မှုဖြစ်ပွားနေစဉ်
လေထဲသို့ လွင့်ပျံလာသော မီးပွားများသည် အနီးရှိ အခြားစက်ရုံဝင်းအတွင်းသို့ ကျရောက်ခဲ့သဖြင့်
မြက်ခင်းပြင်ပေါ်တွင် ဒုတိယအကြိမ် မီးလောင်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြီး အနီးအနားရှိ
ဓာတုပစ္စည်းသိုလှောင်ကန်များသို့ ကူးစက်လောင်ကျွမ်းသွားနိုင်သည့် အန္တရာယ်လည်း ရှိနေခဲ့သည်။
မီးခိုးမည်းများ
ထူထပ်စွာ ထွက်ပေါ်လာပြီး အဆိပ်အတောက်ဖြစ်စေနိုင်သော အနံ့ဆိုးများက ပတ်ဝန်းကျင်တစ်ဝိုက်ကို
ဖုံးလွှမ်းသွားခဲ့သည်။ ဘေးကင်းလုံခြုံရေးအတွက် အနီးရှိ ရေနံဓာတုစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်မှ
အလုပ်သမား ၇၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။
အနီးအနားရှိ
အခြားစီးပွားရေးလုပ်ငန်းများမှ ဝန်ထမ်းများကိုလည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် ဘေးလွတ်ရာသို့
ရွှေ့ပြောင်းပေးခဲ့သည်။
မီးသတ်အာဏာပိုင်အဖွဲ့က
အနီးပတ်ဝန်းကျင်ရှိ မြို့များနှင့် ဒေသများမှ အထူးမီးသတ်ယာဉ်များ၊ ရဟတ်ယာဉ်များနှင့်
မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို စေလွှတ်ခဲ့သည်။
မွန်းလွဲ
၁ နာရီ ၃၄ မိနစ်ခန့်တွင် မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင်
မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။
အာဏာပိုင်များသည်
မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းအတိအကျနှင့် ပျက်စီးဆုံးရှုံးမှုအတိုင်းအတာကို
စုံစမ်းစစ်ဆေးရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments