ကိုယ့်ပြည်နယ်ကို ကိုယ်စားပြုယှဉ်ပြိုင်တာကြောင့် စိတ်ခွန်အားတွေကို အများကြီးစုစည်းပြီး လာရောက် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ဒီလိုအဖွဲ့တွေနဲ့ စုစည်းလုပ်ကိုင်ရတာကြောင့် စည်းလုံးညီညွတ်မှုကို ဖြစ်စေပါတယ်




နေပြည်တော် အောက်တိုဘာ ၂၄

(၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ယနေ့တွင် နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီး၌ ဆက်လက်ကျင်းပခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထား သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -


မအိန္ဒြေမြင့်မိုရ် အရေးပြိုင်ပွဲဝင် (အဆင့်မြင့်ပညာအဆင့်) ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု

ဆောင်းဦးဟေမန် သီချင်းနဲ့ ရေးဖွဲ့ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆောင်းဦးဟေမန်ဆိုတဲ့ခေါင်းစဉ်နဲ့လိုက်ဖက်အောင် ဆောင်းရာသီမှာ ပွင့်တဲ့ပန်းတွေအကြောင်း၊ ပွဲတော်တော်တွေအကြောင်း ပြီးတော့ နှင်းငွေ့နှင်းမှုန်တွေကြားမှာ ပျော်နေကြတဲ့ပုံတွေ၊ ဆောင်းရာသီရဲ့ အငွေ့အသက်တွေပါတဲ့ အကြောင်းအရာတွေကို ရေးဖွဲ့ခဲ့ပါတယ်။ ကျွန်မကိုယ်တိုင်လည်း သဘောကျတဲ့သံစဉ်လေးတွေနဲ့ ထည့်ပြီးရေးသားခဲ့တာကြောင့် အားရကျေနပ်မှုရှိပါတယ်။ အဆိုဆိုပေးတဲ့သူတွေနဲ့အတီးပံ့ပိုးပေးတဲ့သူတွေရဲ့ ကျေးဇူးတွေကြောင့် သီချင်းရဲ့ရသက ပေါ်သထက်ပေါ်လာ တယ်၊၊ သီချင်းက အလွန်လှပတဲ့ သံစဉ်တစ်ခုနဲ့ ပြီးပြီးမြောက်မြောက် ထွက်ပေါ်လာတဲ့အတွက် ဝမ်းသာပါတယ်ရှင်။ အကောင်းဆုံးဆုကိုလည်း မျှော်လင့်ထားပါတယ်။


မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု ကဗျာလွတ်အကအဖွဲ့ (အခြေခံပညာအဆင့် ၁၀-၁၅)

ကျွန်မတို့က မနှစ်က ကျေးလက်ယိမ်းမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ ကျွန်မတို့အဖွဲ့မှာ Grade6, 7, 8 တို့နဲ့ ဖွဲ့စည်းထားပါတယ်။ နှစ်လကျော်လောက် လေ့ကျင်ခဲ့ပြီး အခုယှဉ်ပြိုင်တဲ့အခါမှာလည်း ကျေနပ် အားရမှုရှိပါတယ်။ ကျွန်မတို့အဖွဲ့အနေနဲ့ ဒီထက်ပိုပြီးတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းသွားပါမယ်။ အခုလိုလာရောက်ယှဉ်ပြိုင်ရတဲ့အတွက်လည်း အများကြီးဝမ်းသာရပါတယ်။


ကချင်ပြည်နယ်ကိုယ်စားပြု ကဗျာလွတ်အကအဖွဲ့ (အခြေခံပညာအဆင့် ၁၀-၁၅)

ကျွန်မတို့အဖွဲ့က ဒီနေ့မှစတင်ယှဉ်ပြိုင်တာပါ။ တစ်လကျော်လောက် အကောင်းဆုံးလေ့ကျင့် ပြင်ဆင်ခဲ့ပါတယ်။ ကျွန်မတို့ယှဉ် ပြိုင်ခဲ့ရာမှာလည်း အားရကျေနပ်မှုရှိပါတယ်။ နောက်နှစ်တွေလည်း ဝင်ရောက်ယှဉ်ပြိုင်ပါဦးမယ်။ ကဗျာလွတ်အကကိုလည်း ပိုပြီး အားစိုက်သွားပါမယ်။ ကျွန်မတို့အဖွဲ့မှာ grade 6 ကနေ grade 8 ထိပါပါတယ်။ ပြည်နယ်ကိုယ်စား ပြုအနေနဲ့ ဗဟိုအဆင့်မှာ လာရောက်ယှဉ်ပြိုင်ရတဲ့အတွက် ပီတိဖြစ်ရပါတယ်။ အတွေ့အကြုံတွေလည်းအများကြီးရပါတယ်။


ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကဗျာလွတ်အကအဖွဲ့

အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ လာရောက်ယှဉ်ပြိုင်တာ ငါးကြိမ်ရှိပါပြီ။ အရင်ကတော့ အဆိုပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဆုတံဆိပ်တွေလည်း ရရှိခဲ့ပါတယ်။ ဒုံမင်း (အတီး)ပြိုင်ပွဲမှာ ယှဉ်ပြိုင်တာကတော့ သုံးကြိမ်မြောက်ပါ။ (၂၆)ကြိမ်မြောက် အခြေခံပညာအဆင့် (၁၀-၁၅) အတီး(ဒုံမင်း)ပြိုင်ပွဲမှာ ငွေတံဆိပ်ရရှိခဲ့ပါတယ်။ ဒုံမင်းပညာကို တကယ်နှစ်သက်ပါတယ်။ ဝါသနာပါလွန်းလို့ ဒီအဆင့်ထိရောက်အောင် ကြိုးစားခဲ့ပါတယ်။ မျိုးဆက်သစ်တွေအနေနဲ့ အနုပညာအပေါ်မှာ ပေါ့ဆတဲ့စိတ်နဲ့ မယူဆစေချင်ပါဘူး။ ဗဟိုအဆင့်ပြိုင်ပွဲကြီး ဝင်ရောက်ယှဉ် ပြိုင်နိုင်ဖို့အတွက် ဘယ်လောက်အထိ ကြိုးစားခဲ့ရတယ်ဆိုတာကို ပြိုင်ပွဲဝင်တွေသာ အသိဆုံးဖြစ် ပါတယ်။ အခုလိုပြိုင်ပွဲကြီးကို ကျင်းပပေးတဲ့ တာဝန်ရှိသူများ အားလုံးကိုလည်း ကျေးဇူးအများ ကြီးတင်ပါတယ်။


ရခိုင်ပြည်နယ်ကိုယ်စားပြု ကဗျာလွတ်အကအဖွဲ့ (အခြေခံပညာအဆင့် ၁၀-၁၅)

ကျွန်မတို့ ယဉ်ကျေးမှုအဖွဲ့ကို grade 6 ကနေပြီး grade 8 အထိဖွဲ့စည်းထားပါတယ်။ ဖွဲ့စည်းခဲ့ရာမှာ အခက်အခဲတွေအများကြီး ရှိခဲ့ပါတယ်။ ကဗျာလွတ်အကက အများကြီးပင်ပန်းပါတယ်။ ကိုယ့် ပြည်နယ်ကို ကိုယ်စားပြုယှဉ်ပြိုင်တာကြောင့် စိတ်ခွန်အားတွေကို အများကြီးစုစည်းပြီး လာရောက် ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ဒီလိုအဖွဲ့တွေနဲ့ စုစည်းလုပ်ကိုင်ရတာကြောင့် စည်းလုံးညီညွတ်မှုကို ဖြစ်စေပါတယ်။ ကျွန်မတို့အဖွဲ့က စစ်တွေနဲ့ကျောက်ဖြူက ကျောင်းသားကျောင်းသူတွေနဲ့ ဖွဲ့စည်း ထားတာကြောင့် စုစည်းမှုကိုပိုပြီးဖြစ်စေခဲ့ပါတယ်။


မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု ကချင်တိုင်းရင်းသားရိုးရာအကအဖွဲ့

ကျွန်မတို့အဖွဲ့က တက္ကသိုလ်စာမေးပွဲမဖြေခင်ကတည်းက လေ့ကျင့်ခဲ့ကြတာပါ။ ကျွန်မတို့အဖွဲ့မှာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် မန္တလေးရဲ့ကျောင်းသားကျောင်းသူတွေနဲ့ပဲ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ မြန်မာအကက ကျောင်းမှာ အမြဲကနေတာကြောင့် မခက်ခဲပါဘူး။ ကချင်အက ကကျတော့ မြန်မာအကနဲ့ လုံးဝကွာခြားတာကြောင့် ကချင်ဆရာတွေနဲ့ သေချာတိုင်ပင်လေ့လာပြီးမှ အကကိုအသေးစိတ် စနစ်တကျသင်ယူခဲ့တာဖြစ်ပါတယ်။ ဝတ်စားဆင်ယင်မှုအပိုင်းမှာလည်း ကချင်ဆရာတွေနဲ့ တိုင်ပင်ပြီး ကိုယ်တိုင်ဝယ်ယူ ဝတ်ဆင်ထားတာဖြစ်ပါတယ်။


မောင်သျှန်နွန်းမုန် အဆင့်မြင့်ပညာအဆင့် အတီး(မယ်ဒလင်)ပြိုင်ပွဲဝင် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု

ကျွန်တော် ဒီပြိုင်ပွဲကြီးမှာ ပထမဆုံးအကြိမ် လာရောက်ယှဉ်ပြိုင်ဖြစ်တာပါ။ မယ်ဒလင်ပညာကို တော့ ဒီနှစ်မှ စတင်လေ့လာဖြစ်တာပါ။ အခုလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် အများကြီးလေ့ကျင့်ခဲ့ရပါတယ်။ ဒီပြိုင်ပွဲကြီးတွေကို ကျင်းပပေးတာ အလွန်ကောင်းပါတယ်။ တကယ့်ပညာရှင်တွေရှေ့မှာ တီးခတ်ရတာဖြစ်တဲ့အတွက် အနည်းငယ်လွဲမှားသွားတာနဲ့ ဆရာတွေက သိပါတယ်။ အဲဒီလို ဆရာတွေရှေ့မှာ အမှားအယွင်းမရှိအောင် တီးခတ်နိုင်ပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက်ကြောင့် အနောက်တိုင်းတူရိယာတွေအပြင် ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ တူရိယာတစ်ခုခုကို တတ်မြောက်ထားသင့်ပါတယ်။


မောင်ဉာဏ်ရဲရင့်ဇော်ဆိုင်းတစ်ဦးချင်းပြိုင်ပွဲဝင် (အဆင့်မြင့်ပညာ အဆင့်) ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု

(၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆိုင်တစ်ဦး ချင်းပြိုင်ပွဲမှာ အမှတ်စဉ် (၃) အနေ နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ကျွန်တော့်ရှေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေလည်း ကောင်းပါတယ်။ သူတို့ယှဉ်ပြိုင်တာကို ကြည့်ရှုအားပေးခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ရွှေတံဆိပ်ဆုရအောင် အကောင်းဆုံးလက်စွမ်းပြ ယှဉ်ပြိုင်ထားပါတယ်။ ရွှေရမယ်လို့လည်း ယုံကြည်ထားပါတယ်။ ဆိုင်းပညာကို လေ့လာသင်ယူခဲ့တာ ၁၀ နှစ်ဝန်း ကျင်ရှိပါပြီ။ အခုလည်း တက္ကသိုလ်တက်နေရင်းနဲ့ ချက်ချင်းပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ (၂၃) ကြိမ်မြောက်မှာ ဒုတိယဆု၊ (၂၄) ကြိမ်မြောက်မှာ တတိယဆု၊ (၂၅) ကြိမ်မြောက်မှာလည်း တတိယဆု၊ (၂၆) ကြိမ်မှာတော့ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ကျွန်တော်တို့လူငယ်တွေအတွက် အဖိုးမဖြတ် နိုင်တဲ့ပြိုင်ပွဲကြီးဖြစ်ပါတယ်။ ပြိုင်ပွဲကြီးကျင်းပတဲ့အတွက် အင်မတန်မှ ငွေကုန်ကြေးကျများပါတယ်။ ယဉ်ကျေးမှုထိန်းသိမ်းရာမှာ နိုင်ငံတော်အဆင့် ကျင်းပတဲ့ အကြီးဆုံးပွဲလည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကနေ မျိုးဆက်သစ်တွေများစွာ ပေါ်ထွန်းလာပါတယ်။ ပြိုင်ပွဲကြီးကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။


ကိုထင်လင်းထက် (ဝါသနာရှင် ဒုတိယတန်း) အတီး (အိုးစည်) မကွေးတိုင်းဒေသကြီးကိုယ်စားပြု

ကျွန်တော်တို့အဖွဲ့က မကွေးတိုင်းဒေသကြီး ကိုယ်စားပြု ဝါသနာရှင်ဒုတိယတန်း အိုးစည် တီးပြိုင်ပွဲကို ဝင်ပြိုင်တာပါ။ ဒီနှစ်လည်းအဆင်ပြေပါတယ်။ လာမယ့်နှစ်မှာလည်း ဒီထက်ပိုကောင်းအောင်ကြိုးစားသွားပါမယ်။ ကျွန်တော်တို့ (၂၃) ကြိမ်လောက်က စပြိုင်တာပါ။ဆုတော့မရသေးဘူး။ ဒါပေမဲ့လည်း ဆက်လက်ကြိုးစားဆဲပါ။ပြိုင်ပွဲမဝင်ခင်ကတော့ မကွေးတက္ကသိုလ်ဝင်းထဲမှာ တစ်လလောက်လေ့ကျင့်ခဲ့တယ်။ နေပြည်တော်ရောက်တော့လည်း ဆရာတွေကလေ့ကျင့်ပေးပါတယ်။ကိုယ့်ရိုးရာအမွေအနှစ်တွေကို ထိန်းသိမ်းတဲ့ ဒီလိုပွဲမျိုးတွေ ဆောင်ရွက်စီမံပေးတာ ကျွန်တော်တို့အနေနဲ့ ဝမ်းသာပါတယ်။


နန်းဖူးပွင့်ကိုကို ပတ္တလားပြိုင်ပွဲဝင် (အခြေခံပညာအဆင့် ၁၅-၂၀) ရှမ်းပြည်နယ်ကိုယ်စားပြု

ကျွန်မက (၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ ပြဋ္ဌာန်းသီချင်း သုံးပုဒ်ကို လေ့ကျင့်ခဲ့ပြီး ပတ္တလားပြိုင်ပွဲမှာ ထိပ်တင်ဧကံသီချင်းနဲ့ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ အကောင်းဆုံးအမှားအယွင်း နည်းအောင်ယှဉ် ပြိုင်ခဲ့ပါတယ်။ (၂၆) ကြိမ်မြောက်မှာ ပတ္တလားငွေရခဲ့ပါတယ်။ ဗဟိုအဆင့်ပြိုင်ပွဲကို လေးကြိမ် အထိ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကြီးကို နိုင်ငံတော်အကြီးအကဲက ကျင်းပပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ အကဲဖြတ်ဒိုင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အခြေခံပညာကျောင်းတိုင်းမှာ အနုပညာသင်တဲ့ ဆရာ ဆရာမတွေရှိရင်ပိုကောင်းမယ်လို့ ထင်ပါတယ်။

‌တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ

လင်းသူရ

No comments

Powered by Blogger.