တစိုက်မတ်မတ် တိုက်ဖျက်သွားရမည့် တိုင်းပြည်၏အန္တရာယ် အဂတိလိုက်စားမှု (မြန်မာ့အလင်း)
နိုင်ငံတကာအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International) ၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အညွှန်းကိန်း (CPI)တွင် အမှတ် ၁၀၀ ၌ ၁၆ မှတ်သာ ရရှိထားပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၈၂ နိုင်ငံအနက် အဆင့် ၁၆၉ နေရာတွင် ရှိနေသည်ဟုဆိုသည်။ အဂတိလိုက်စားမှု အညွှန်းကိန်းတွင် သုညသည် အဂတိလိုက်စားမှု အများဆုံးဖြစ်ပြီး ၁၀၀ သည် အသန့်ရှင်းဆုံးကို ကိုယ်စားပြုသည်။
မြန်မာနိုင်ငံတွင်
အဂတိလိုက်စားမှုသည် ဆယ်စုနှစ်ပေါင်းများစွာ နယ်ပယ်အသီးသီး၌ နက်ရှိုင်းစွာ
အမြစ်တွယ်နေသည့် ပြဿနာကြီးတစ်ခု ဖြစ်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည်
ထိုသို့ခိုင်မြဲ စွာ အမြစ်တွယ်နေသော အဂတိလိုက်စားမှုများကို ပြည်သူတစ်ရပ်လုံးနှင့်
အတူလက်တွဲ၍ တိုက်ဖျက်သွားရန် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ မဟာဗျူဟာများ
ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု သိရသည်။
၂၀၂၁ ခုနှစ်၊
ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့
တိုင်ကြားစာစုစုပေါင်း ၇၀၄၅ စောင် ရောက်ရှိခဲ့ရာ အကြောင်းအရာများအနေဖြင့်
အဂတိလိုက်စား ကြောင်း ဖော်ပြတိုင်တန်းမှု၊ စီမံခန့်ခွဲရေး/ အုပ်ချုပ်ရေးဆိုင်ရာ
လွဲမှားဆောင်ရွက်မှု၊ လယ်ယာမြေ စီမံခန့်ခွဲမှု၊ တရားစီရင်မှု၊ ဌာနတွင်း/ ပုဂ္ဂိုလ်ရေး
မမှန်မကန် ဆောင်ရွက်မှု၊ အထွေထွေ အကြောင်းအရာများ စသည်တို့ပါဝင်ပြီး
အဆိုပါတိုင်ကြားစာများကို စုံစမ်းစစ်ဆေးခြင်း၊ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး /ပြည်နယ်အစိုးရသို့
လွှဲပြောင်းပေးပို့ခြင်း၊ ပြည်သူများထံ အကြံပြုချက်ဖြင့် အသိပေး ပြန်ကြားခြင်းတို့
ဆောင်ရွက်ခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် မညီညွတ်ခြင်းကြောင့်
အရေးယူ ဆောင်ရွက်ပေးခြင်းမပြုနိုင်သည့် တိုင်ကြားစာပေါင်း ၂၇၀၀ ကျော်ရှိခဲ့သည်။
တိုင်ကြား စာပေါင်း ၇၀၄၅ စောင်အနက် ၄၂၂၃ စောင် (၅၉ ဒသမ ၉ ရာခိုင်နှုန်း) ကို
အရေးယူ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး တိုင်ကြားစာ ၁၀၉ စောင် (၁ ဒသမ ၆ ရာခိုင်နှုန်း)
ကိုမူ စိစစ်နေဆဲ ဖြစ်သည်။
အထက်ဖော်ပြပါ
ကာလအတွင်း နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၆၆ ဦး၊ အဆင့်မြင့်အရာရှိ ၁၃ ဦး၊ အရာထမ်း ၆၈
ဦး၊ အမှုထမ်း ၁၂ ဦး၊ အခြား ပုဂ္ဂိုလ် ၃၉ ဦး စုစုပေါင်း ၁၉၈ ဦးတို့ကို
ရာထူးအဆင့်အလိုက် တရားစွဲဆို အရေးယူခဲ့သည်။ အဆင့်မြင့်အရာရှိ ၅ ဦး၊ အရာထမ်း ၉၂ ဦး၊
အမှုထမ်း ၁၀၇ ဦး စုစုပေါင်း ၂၀၄ ဦးတို့ကို ဝန်ထမ်းစည်းကမ်းနှင့်အညီ အရေးယူခဲ့ သည်။
တရားစွဲဆိုခဲ့သောအမှုများမှာ ရာဇဝတ်ကြီးမှု ၂၅၅ မှု၊ ရာဇဝတ် အထွေထွေမှု ၆၄ မှု၊
စုစုပေါင်း ၃၁၉ မှုရှိပြီး ပြည်သူ့ဘဏ္ဍာအဖြစ် တန်ဖိုး ငွေကျပ် ၁၉၈၆၉ ဒသမ ၈၇ သန်းနှင့်
အမေရိကန်ဒေါ်လာ ၄၃၂၈၀ ဒသမ ၀၉ ကို သိမ်းဆည်းခဲ့သည်။
အဂတိလိုက်စားမှုကျူးလွန်သူများသည်
ရာထူးတာဝန်နှင့် လုပ်ပိုင် ခွင့်အာဏာကို အလွဲသုံးစားပြု၍
ကိုယ်တိုင်တောင်းခံရယူခြင်းအပြင် အခြားသူတစ်ဦးဦးကိုအသုံးပြု၍ သွယ်ဝိုက်သော
နည်းလမ်းဖြင့် တောင်းခံခြင်း၊ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ်
စသည်တို့ကို ဝယ်ယူရာတွင် ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ လျော့နည်းသက်သာသော
ဈေးနှုန်းများကိုပေး၍ လာဘ်ပေး/ယူမှု ကျူးလွန်ခြင်း၊ တရားမဝင်ငွေကြေး
များကောက်ခြင်း၊ ကြားခံပွဲစားများမှတစ်ဆင့် လာဘ်ပေး/ယူမှု ကျူးလွန် ခြင်း၊
တံစိုးလက်ဆောင်ကို ၎င်းတို့ကိုယ်တိုင် လက်ခံခြင်းအပြင် ကိုယ်ရေးအရာရှိ၊
မိသားစုဝင်များ၏ အမည်ဖြင့် လက်ခံရယူခြင်း၊ ငွေကြေးကို တိုက်ရိုက်လက်ခံခြင်းမပြုဘဲ
ပစ္စည်းများအဖြစ် ပြောင်းလဲ လက်ခံခြင်း၊ နိုင်ငံရေးရာထူးကို စွန့်လွှတ်ခြင်းမပြုဘဲ
ရွေးကောက်ပွဲကိုယ်စားလှယ် လောင်းအနေဖြင့် လက်အောက်ဝန်ထမ်းထံမှ
တံစိုးလက်ဆောင်တောင်းခြင်း၊ နိုင်ငံရေးရာထူးကိုစွန့်လွှတ်ခြင်းမပြုဘဲ
အရေးပေါ်ရန်ပုံငွေများကို အသုံးပြု၍ ပြည်သူများကို ထောက်ပံ့ကာ
မဲဆွယ်စည်းရုံးခြင်း၊ လုပ်ပိုင်ခွင့် အာဏာနှင့်ဆက်စပ်နေသောလုပ်ငန်းများထံမှ
ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်အလာများကို တလွဲ အသုံးပြု၍ ငွေကြေးတံစိုးလက်ဆောင်
များကိုလက်ခံရယူခြင်း၊ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း/ စည်းကမ်း၊
မူဝါဒများကို ဖောက်ဖျက်၍ နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို
ထိခိုက် နစ်နာပျက်စီးဆုံးရှုံးစေခြင်း စသည့်နည်းလမ်းများဖြင့် အဂတိလိုက်စားမှုကို
ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်။
ပြောင်းလဲလာသည့်
အဂတိလိုက်စားမှု နည်းလမ်းများမှာ စစ်မှုထမ်းဆိုင်ရာကိစ္စများတွင် လာဘ်ငွေ ပေးခြင်းနှင့်
ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဒေသလုံခြုံရေးအရချထားသည့် စစ်ဆေးရေးဂိတ်များတွင်
လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်း၊ အွန်လိုင်းရာဇဝတ်ဂိုဏ်းများကို လာဘ်ငွေယူ၍
ကာကွယ်ပေး ထားခြင်း၊ လာဘ်ငွေယူရာတွင် သဲလွန်စမကျန်စေရန်နှင့် တရားဥပဒေကို ရှောင်ရှားနိုင်ရန်
ဒီဂျစ်တယ် ငွေကြေး/ တရားမဝင်ငွေလွှဲ စနစ်များအသုံးပြုခြင်း၊
သဘာဝဘေးအတွက်လှူဒါန်းသည့် ငွေကြေး/ ပစ္စည်းများကို
အလွဲသုံးစားပြုခြင်းတို့ပါဝင်သည်။
အဂတိလိုက်စားမှုများသည်
နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်ဖြင့် ကဏ္ဍအသီးသီးကို ထိခိုက်ကျဆင်းစေပြီး
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည်ဖြစ်ရာ အမြစ်တွယ် နေသည့်
ထိုပြဿနာကြီးကို အမြစ်ပြတ်ပျောက်ကွယ်သွားသည်အထိ တစိုက်မတ်မတ် တိုက်ဖျက် သွားရပါမည့်အကြောင်း။

No comments