ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း (နေပြည်တော်) မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ
နေပြည်တော် အောက်တိုဘာ ၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း (နေပြည်တော်)မှ ကျောင်းတာဝန်ခံ ဆရာမ ဒေါ်ဝါဝါမြင့် ဦးဆောင်သည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်အဆောက်အအုံသဘင်ဆောင်၌ လက်ခံတွေ့ဆုံသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် လွှတ်တော်၏ဖွဲ့စည်းပုံနှင့် ပြည်သူတစ်ဦးချင်းစီက ဆန္ဒမဲပေး၍ လွှတ်တော်ကိုယ်စားလှယ်များအား ရွေးကောက် တင်မြှောက်နိုင်သည့်အခြေအနေများ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ရန် လိုအပ်သည့်အရည်အချင်းများနှင့် ထမ်းဆောင်ရမည့်လုပ်ငန်းတာဝန်များ၊ လွှတ်တော်၏အဓိကတာဝန်များဖြစ်သည့် ဥပဒေပြုခြင်း၊ ပြည်သူကို ကိုယ်စားပြုခြင်း၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးမဏ္ဍိုင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း ကိစ္စရပ်များ၊ လွှတ်တော်တွင်ဖွဲ့စည်းထားရှိသည့် ကော်မတီများ၏ဖွဲ့စည်းပုံနှင့် လွှတ်တော်၏လုပ်ငန်းတာဝန် များကို အထောက်အကူပြုရသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လွှတ်တော်တွင် လက်ရှိ ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ လွှတ်တော်မှ နိုင်ငံတော်နှင့် ပြည်သူများအတွက် ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ် များနှင့် အခြားသိရှိလိုသည်များကို မေးမြန်းကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်များက အသေးစိတ်ပြန်လည်ဖြေကြားသည်။ ဆက်လက်၍ စိုးစံကိုယ်ပိုင် အထက်တန်းကျောင်း (နေပြည်တော်)မှ ကျောင်းသား ကျောင်းသူများသည် လွှတ်တော်အဆောက်အအုံ(B) ဆောင်ရှိ သင်တန်းခန်းမ၌ လွှတ်တော်သရုပ်ပြအစည်းအဝေး(Mock Parliament) လေ့ကျင့်ဆောင်ရွက်မှု အစီအစဉ်အား စိတ်ပါဝင်စားစွာပါဝင်ဆောင်ရွက်ခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တက်ရောက်လာကြသည့် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း (နေပြည်တော်)မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာလှတင့်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးလှဆွေ၊ ပြည်သူ့လွှတ်တော်၊ သတင်းထုတ်ပြန်ရေး အဖွဲ့၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာနန္ဒာလှမြင့်၊ ဦးသိန်းထွန်းဦး၊ ဒေါက်တာ ကျော်ဆွေ၊ ဦးကောင်းသက်စံ၊ ဒေါ်နန်းရီရီဝင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
သတင်းစဉ်

No comments