ထိုင်းနိုင်ငံ ဥဒုန်ဌာနီဒေသတွင် ဒိုင်နိုဆောရုပ်ကြွင်းခြေရာများတွေ့ရှိ

 


ဗန်ကောက်    အောက်တိုဘာ  ၂၀

ထိုင်းနိုင်ငံ  ဥဒုန်ဌာနီဒေသတွင် တွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းခြေရာ ခြောက်ခုသည်  လွန်ခဲ့သော နှစ်ပေါင်း သန်း ၁၂၀ ခန့်က   အသားစား ဒိုင်နိုဆောတစ်ကောင်၏ ခြေရာများဖြစ် ကြောင်း ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များက အတည်ပြုပြောကြားခဲ့ပြီး အဆိုပါနေရာကို သိပ္ပံနည်းကျလေ့လာမှုများနှင့် ခရီးသွားလုပ်ငန်းအတွက် အကာအကွယ်ပေးကာ   ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောက်ဖြစ်ရုပ်ကြွင်းများ ရှာဖွေတွေ့ရှိခြင်းနှင့်ပတ်သက်၍ သတ္တုအရင်းမြစ်ဆိုင်ရာဌာနက အောက်တိုဘာ ၂၀ ရက်တွင် အတည်ပြုပြောကြားခဲ့ပြီး ယခုဖြစ်စဉ်သည် နိုင်ငံအရှေ့မြောက်ပိုင်းတွင်တည်ရှိသည့် ဥဒုန်ဌာနီပြည်နယ်အတွက်  ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ယခု ကျောက်ဖြစ်ရုပ်ကြွင်းများ ရှာဖွေတွေ့ရှိမှုနှင့်ပတ်သက်၍ စစ်ဆေးမှုများဆောင်ရွက်ရန် ရုပ်ကြွင်းကာကွယ်ရေးဌာနခွဲနှင့် ဒေသဆိုင်ရာရုံးခွဲ အမှတ်(၂) အပါအဝင် Phu Hin Chom That-Phu Phra Bat အမျိုးသားဥယျာဉ်၊ အနုပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ညွှန်ကြားထားကြောင်း  သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် နီပွန်ချန်နွန် ဆီရီဆက်က ပြောကြားသည်။

စစ်ဆေးတွေ့ရှိချက်များအရ   သီရိုပေါ့ဒ်မျိုးစုဝင်  ဒိုင်နိုဆောတစ်ကောင်၏ ခြေရာခြောက်ခုပါဝင်သည့် ခြေရာ လမ်းကြောင်းတစ်ခုအား  ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခြေရာတစ်ခုစီတွင် ထင်ရှားသော ချွန်ထက်သည့်  ခြေမသုံးချောင်းပါရှိပြီး အလျား ၂၉ စင်တီမီတာနှင့် အနံ ၂၆ စင်တီမီတာရှိကြောင်း သိရသည်။

ယခုဒိုင်နိုဆောရုပ်ကြွင်းတွေ့ရှိသည့် နေရာအားကာကွယ်ထားသည့် ဇုန်တစ်ခုအဖြစ် သတ်မှတ်ပေးရန် သတ္တု သယံဇာတအရင်းအမြစ်ဌာနက အဆိုပြုထားကြေင်း သိရသည်။

ဗန်ကောက်ပို့စ်

No comments

Powered by Blogger.