အမေရိကန်နိုင်ငံ မူလတန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် ကလေး သုံးဦးနှင့် ဆရာ တစ်ဦး သေဆုံး



အောက်တိုဘာ ၁၆

အမေရိကန်နိုင်ငံ အနောက်ပိုင်း အော်ရီဂွန်ပြည်နယ် ဘန့်ဒ်မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကလေး သုံးဦးနှင့် ဆရာတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဒေသခံရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အသက် ငါး နှစ်မှ ၁၁ နှစ်ကြားအရွယ် ကလေး သုံးဦးနှင့် ဆရာတစ်ဦး သေဆုံးခဲ့ကြောင်းနှင့် အသက် ခုနစ်နှစ်အရွယ် ကလေးတစ်ဦးနှင့် အခြားဆရာတစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးကုသမှုခံယူနေရကြောင်း ဖော်ပြထားသည်။

အဆိုပါကျောင်းအတွင်းသို့ ယမန်နေ့ မွန်းလွဲပိုင်းက လူတစ်ဦး ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်လျက်ရှိသည်ဟု သတင်းရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့သည်။

ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ သံသယရှိသူမှာ အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သော့ခတ်ထားသော တံခါးကို သေနတ်ဖြင့် ပစ်ခတ်ကာ ကျောင်းအတွင်းသို့ ဝင်ရောက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။

သံသယရှိသူသည်လည်း အခင်းဖြစ်ပွားရာနေရာတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ထိုကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၄၀၀ ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိပြီး သံသယရှိသူနှင့် ကျောင်းအကြား ဆက်နွှယ်မှုရှိ၊ မရှိကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။

ဘန့်ဒ်မြို့သည် လူဦးရေ တစ်သိန်းခန့်ရှိသော မြို့တစ်မြို့ဖြစ်ပြီး အော်ရီဂွန်ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည့် ပို့တ်လန်းမြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၂၈၀ ခန့်အကွာတွင် တည်ရှိသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.