မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်



မြန်မာ့ပေါ်ဆန်းက ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice Award 2026) ဆုကို ဒုတိယအကြိမ် ဆွတ်ခူးရရှိခဲ့ပြန်ပြီဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသော International World Rice Conference 2026 တွင် နိုင်ငံတကာဆန်အမျိုးအစားများ ပါဝင်ပြသခဲ့ပြီး ဆန်အရည်အသွေးယှဉ်ပြိုင်ပွဲကို ကျင်းပခဲ့ရာတွင် မြန်မာ့ပေါ်ဆန်းဆန်က ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ်က ၂၀၁၁ ခုနှစ် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပသည့် နိုင်ငံတကာဆန်စပါးညီလာခံနှင့် ဆန်အမျိုးအစားပြပွဲ ယှဉ်ပြိုင်ပွဲတွင် World Best Rice Award ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။


မြန်မာနိုင်ငံသည် စပါးဗီဇအရင်းအမြစ် ပေါများကြွယ်ဝသည့် နိုင်ငံဖြစ်သည့်အလျောက် ဆန်စပါးအမျိုး အမည်များစွာ စိုက်ပျိုးထွက်ရှိသည်။ ပေါ်ဆန်းစပါးသည် စိုက်ပျိုးချိန် သက်တမ်းရှည်သည့် ကောက်ကြီးစပါးမျိုး ဖြစ်ပြီး ဆန်၏အရည်အသွေးကောင်းမွန်မှုကြောင့် နာမည်ကျော်သလို ဈေးနှုန်းလည်းမြင့်မားသည်။ ပေါ်ဆန်းဆန်ကို ချက်သည့်အခါ ထမင်းသည် ဆန်စေ့အလျားထက် နှစ်ဆခန့် ရှည်ထွက်လာခြင်း၊ စားသုံးရာတွင် နူးညံ့ပျော့ပျောင်းခြင်း၊ ထမင်း၏ရနံ့သင်းပျံ့ခြင်း စသောအရည်အသွေးကောင်းများနှင့် ပြည့်စုံသည်။


ပေါ်ဆန်းစပါး၏ မူလဇာတိဒေသသည် ဧရာဝတီတိုင်းဒေသကြီးမှဖြစ်ပြီး ၁၉၄၄ ခုနှစ်တွင် မြောင်းမြစိုက်ပျိုးရေးခြံ၌ single plant selection နည်းကို အသုံးပြု၍ စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၈ဝ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ၁၉၉၇ - ၁၉၉၈ ခုနှစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် သီးလုံးကျေးရွာနေ တောင်သူ ဦးထွန်းရီနှင့် ဒေါ်ကြည်ညွန့်တို့က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဗုံလုံကျေးရွာမှ ပေါ်ဆန်းဘေးကြား စပါးမျိုးလေးပြည်ယူဆောင်ခဲ့ပြီး စမ်းသပ်စိုက်ပျိုးရာမှ တစ်စတစ်စ လူကြိုက်များလာပြီး ရွှေဘိုပေါ်ဆန်းစပါးမျိုးအဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ 


ပေါ်ဆန်းစပါးသည် တန်းမြင့်ဆန်အဖြစ် ဈေးကွက်တွင် ထိပ်တန်း၌ ရှိနေသော်လည်း ကောက်ကြီးစပါးမျိုး ဖြစ်သည့်အလျောက် စိုက်ပျိုးချိန်ကြာမြင့်ခြင်း၊ တစ်နှစ်လျှင် တစ်သီးသာ စိုက်ပျိုးနိုင်ပြီး ထွက်နှုန်းမှာလည်း အသင့်အတင့်သာရရှိခြင်း စသည့်အားနည်းချက်များရှိနေရာ ပြည်တွင်းစားသုံးမှုအတွက်မျှသာ စိုက်ပျိုးထုတ်လုပ် နိုင်သည့် အခြေအနေတွင်ရှိနေပြီး ပြည်ပသို့ အများအပြားတင်ပို့နိုင်ရန် ခဲယဉ်းသည်။ ယခုအခါတွင်မူ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံဆန်စပါးမျိုးမွေးမြူရေးကဏ္ဍမြှင့်တင်ခြင်း စီမံကိန်းကို ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အကောင်အထည်ဖော်ခဲ့ရာ ရေဆင်းပေါ်ဆန်း-၁နှင့် ရေဆင်းပေါ်ဆန်း-၂ ဟူသော ပေါ်ဆန်းစပါး မျိုးသစ်နှစ်မျိုး ပေါ်ထွက်လာခဲ့သည်။ အဆိုပါပေါ်ဆန်းစပါး မျိုးသစ်များသည် နွေစပါး၊ မိုးစပါး ရာသီမရွေးစိုက်ပျိုးနိုင်ပြီး အထွက်နှုန်းလည်းကောင်းမွန်ကာ စားသုံးမှုအရည်အသွေးလည်း ကောင်းမွန်ကြသည်။ သို့ဖြစ်ရာ အဆိုပါပေါ်ဆန်း စပါးမျိုးသစ်များကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြရန် စိုက်ပျိုးရေးပညာရှင်များက တိုက်တွန်းလျက်ရှိသည်။


မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းနှင့် နွေစပါးစိုက်ဧက နှစ်သန်းကျော် နှစ်စဉ် စိုက်ပျိုးလျက်ရှိသည့်အနက် ပေါ်ဆန်းစပါးကို မိုးစပါးအဖြစ်သာ ဧကတစ်သန်းခွဲခန့် စိုက်ပျိုးနေခြင်းဖြစ်သည်ဟု သိရသည်။ ဧရာဝတီ တိုင်းဒေသကြီးသည် ပေါ်ဆန်းစပါး စိုက်ဧက ခုနစ်သိန်းခွဲကျော် စိုက်ပျိုးရာ တစ်နိုင်ငံလုံး ပေါ်ဆန်းစိုက်ဧက၏ ထက်ဝက်ကျော်ကို စိုက်ပျိုးနေခြင်းဖြစ်သည်။ ပေါ်ဆန်းဆန်ကို ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် တစ်ကြိမ်မက အသိအမှတ်ပြုထားပြီးဖြစ်ရာ ပြည်ပသို့တင်ပို့ရန် နာမည်ကောင်းနှင့်အတူ ဈေးကွက်အလားအလာမှာလည်း များစွာကောင်းမွန်နေပြီဖြစ်သည်။


ပြည်တွင်း၌ ပေါ်ဆန်းစပါး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာစေရေး ဦးစွာဆောင်ရွက်ရမည်ဖြစ်သလို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချရာတွင်လည်း ကြိတ်ခွဲမှု၊ ထုပ်ပိုးမှု၊ ဖြန့်ဖြူးမှုစနစ်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်အခိုင်အမာရရှိစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် အရည်အသွေးကောင်း မြန်မာ့တန်းမြင့်ဆန်များကို ယခုဘဏ္ဍာနှစ် ၂၀၂၆-၂၀၂၇ တွင် တန်ချိန် ၃ သန်းပို့ရန် ရည်မှန်းချက်ထားပြီး ရည်မှန်းချက်ပြည့်မီကျော်လွန်ရန် ပုဂ္ဂလိကကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


“မြန်မာ့ပေါ်ဆန်းတစ်ခေတ်ဆန်းရမည်” ဆိုသော လမ်းညွှန်ဆောင်ပုဒ်နှင့်အညီ ပေါ်ဆန်းစပါးမျိုးကို တိုးချဲ့စိုက်ပျိုး ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့် တန်ဖိုးကွင်းဆက်တစ်လျှောက်လုံးမှ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း အရှိန်အဟုန် မြှင့်တင်ပေးနိုင်ပါမည့်အကြောင်း။   ။

No comments

Powered by Blogger.