စိုက်ပျိုးရေးလုပ်ငန်းစုမှသည် ဖွံ့ဖြိုးရေးဆီသို့ …



သန်းဇော် (ဗဟိုစာရင်းအင်းအဖွဲ့)

 

လူဦးရေအဆမတန်တိုးတက်မှုနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်သည် ယနေ့ကမ္ဘာကြီး၏ စားနပ်ရိက္ခာဖူလုံမှုတွင် အဓိကစိန်ခေါ်မှုဖြစ်လာပါသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် စိုက်ပျိုးရေးကဏ္ဍအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုရှိပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေစဉ် စားသုံးမည့်လူဦးရေတစ်နေ့တခြား ပိုမိုတိုးပွားလာခြင်းက စား‌နပ်ရိက္ခာထုတ်လုပ်မှုကို သမားရိုးကျထုတ်လုပ်မှုဖြစ်စဉ်မှ ပိုမိုထုတ်လုပ်နိုင်မည့်စနစ်သို့ ပြောင်းလဲ၍ထုတ်လုပ်ကြရန် ဖိအားပေးလျက် ရှိနေပါသည်။

 

ထုတ်လုပ်မှုပုံသဏ္ဌာန် ပြောင်းလဲမှုအဖြစ် စိုက်ပျိုးရေးကို ပေါင်းစည်းလုပ်ကိုင်သည့် လုပ်ငန်းစု ပုံစံထုတ်လုပ်မှုသည် စားရေရိက္ခာဖူလုံရေးမှသည် ပို့ကုန်မြှင့်တင်နိုင်ရေးနှင့် နိုင်ငံ့စီးပွား တိုးတက်မှုရရှိနိုင်ရေးကို အထောက်အကူဖြစ်စေနိုင်ပါသည်။

 

လုပ်ငန်းစုနှင့် လုပ်ငန်းစု ဖွံ့ဖြိုးတိုးတက်လာမှု

 

လုပ်ငန်းစုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် ဒေသတစ်ခုအတွင်း တူညီသောနယ်ပယ်တစ်ခုရှိ လုပ်ငန်းများ၊ ပံ့ပိုးပေးသူများ၊ ဝန်ဆောင်မှုပေးသူများနှင့် စားသုံးသူများသည် ပထဝီနယ်မြေ အနေအထားအရ အပြန်အလှန်ဆက်စပ်ဆောင်ရွက်ရန် ပေါင်းစည်းထားသည့် အဖွဲ့အစည်း ဖြစ်ပါသည်။

 

လုပ်ငန်းစုဖွဲ့စည်းမှုဖြင့် လိုအပ်သောအရင်းအနှီးရရှိရုံသာမက ကုန်စည်ထုတ်လုပ်မှုနှင့်အတူ ယှဉ်ပြိုင် နိုင်စွမ်းကိုပါ တိုးတက်စေနိုင်သည်။ လုပ်ငန်းစုများ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းမှလိုအပ်သော သွင်းအားစုနှင့် နည်းပညာကိုခွဲဝေရရှိနိုင်သည့်အတွက် လုပ်ငန်းကိုအဆင့်မြှင့်တင်နိုင်ပြီး ဖွံ့ဖြိုး တိုးတက်မှုကို ဦးတည်စေနိုင်သည်။ လုပ်ငန်းစုဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးဖွံ့ဖြိုးမှု၏ အရေးကြီးသော လားရာတစ်ခုဖြစ်ပြီး မေခရိုစီးပွားရေးတည်ငြိမ်ရေး၊ စျေးကွက်ဖန်တီးပေးရေးနှင့် ထုတ်လုပ်မှုစရိတ်လျှော့ချရေးတို့ကိုပါ အထောက်အပံ့ပြုပေးနိုင်မည်ဖြစ်ပါသည်။

 

စိုက်ပျိုးရေး လုပ်ငန်းစု

 

စိုက်ပျိုးရေးလုပ်ငန်းစုဆိုသည်မှာ တူညီသောရည်မှန်းချက်ဖြင့် အကျိုးအမြတ်ကိုမျှဝေခံစားရန် စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်ဆက်နွှယ်နေသူများ အားလုံးပါဝင်သည့် လုပ်ငန်းအဖွဲ့ဖြစ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းစုများ ထူထောင်ဆောင်ရွက်ခြင်းဖြင့် လယ်ယာစီးပွားဖွံ့ဖြိုးလာမည်ဖြစ်ပြီး ယင်းနှင့်အတူ စိုက်ပျိုးရေးကိုအခြေခံသော စက်မှုလုပ်ငန်းများလည်း တစ်ပါတည်း တိုးတက် လာ‌စေမည် ဖြစ်ပါသည်။

 

လုပ်ငန်းစု ဖွဲ့စည်းမှု

 

လုပ်ငန်းစုတစ်ခုကို ဖွဲ့စည်းရာတွင် ရည်ရွယ်ချက်၊ လုပ်ငန်းသဘောသဘာဝနှင့် ပါဝင်သူများ၏ လိုအပ်ချက်များအပေါ်မူတည်၍ မတူညီသောဖွဲ့စည်းပုံများကို ရွေးချယ်အသုံးပြုနိုင်သည်။ ယနေ့ ခေတ်တွင် လုပ်ငန်းစုများကို ပိုမိုလွတ်လပ်သောပုံစံများဖြင့် ဖွဲ့စည်းလာကြသည်။ လုပ်ငန်းစုများကို သမဝါယမအသင်းအဖွဲ့များ၊ စီးပွားဖက်လုပ်ငန်းများ၊ ဖက်စပ်လုပ်ငန်းများအဖြစ် ဖွဲ့စည်းနိုင်ပါသည်။

 

လုပ်ငန်းစုများဖွဲ့စည်းပုံကို ပုံစံအမျိုးမျိုးဖြင့် ဖွဲ့စည်းနိုင်သော်လည်း လုပ်ငန်းရည်ရွယ်ချက်နှင့် ကိုက်ညီသော ပုံစံကို ရွေးချယ်ဖွဲ့စည်းနိုင်ခြင်းသည် လုပ်ငန်း၏အောင်မြင်မှုအတွက် အရေးကြီးသော အချက်တစ်ခုဖြစ်ပါသည်။

 

ဆောင်ရွက်နိုင်သော အကြောင်းအရာများ

 

လုပ်ငန်းစုများကို ဖွဲ့စည်းခြင်းသည် လုပ်ငန်းတစ်ခုချင်းစီ၏ အားသာချက်များကို ပေါင်းစည်းကာ ပိုမို ကြီးမားသောရလဒ်များကို ရရှိစေနိုင်သော နည်းလမ်းတစ်ရပ်ဖြစ်သည်။ လုပ်ငန်းများအကြား ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာသည့်အခါ နည်းပညာ၊ အရင်းအမြစ်နှင့် အတွေ့အကြုံများကို မျှဝေသုံး စွဲနိုင်ခြင်းကြောင့် လုပ်ငန်းတိုးတက်မှုကို မြန်ဆန်စေသည်။ လုပ်ငန်းစုများဖွဲ့စည်း၍ အလုပ်သမားဆိုင်ရာကိစ္စရပ်များ၊ စျေးကွက်ရှာဖွေသောကိစ္စရပ်များ၊ ပေါင်းစည်းစီမံခန့်ခွဲခြင်း၊ သုတေသနနှင့်ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးအကျိုးထိရောက်မှုကို လေ့လာခြင်းတို့ ဆောင်ရွက်နိုင်ပါသည်။

 

လုပ်ငန်းစုဖွဲ့စည်းခြင်းသည် ကဏ္ဍမျိုးစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်မှုကို မြှင့်တင်ပေးပြီး အရင်းအမြစ်များကို ထိရောက်စွာအသုံးချနိုင်သဖြင့် လုပ်ငန်းများ၏အောင်မြင်မှုနှင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

 

လုပ်ငန်းစုဖွဲ့စည်းမှု၏ အကျိုးအမြတ်များနှင့် ကောင်းကျိုးများ

 

လုပ်ငန်းစုများကိုဖွဲ့စည်းခြင်းဖြင့် လုပ်ငန်းများ၏ အားသာချက်များကိုပေါင်းစည်းကာ ပိုမိုကြီးမားသော အောင်မြင်မှုများကိုရရှိစေနိုင်သည်။ လုပ်ငန်းတစ်ခုချင်းစီ၏ ကန့်သတ်ချက်များကို ကျော်လွှားနိုင်ရန် အတွက် လုပ်ငန်းစုဖွဲ့စည်းခြင်းသည် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပြီး လုပ်ငန်းကြီးတစ်ခုကို စုဖွဲ့နိုင်ခြင်း၊ တစ်ဦးချင်းအနေဖြင့် လုပ်ကိုင်ရန်ခက်ခဲသောကိစ္စများကို အုပ်စုဖြင့်လုပ်ကိုင်နိုင်ခြင်း၊ အပြန်အလှန်ထောက်ပံ့ပေးနိုင်ခြင်း၊ လုပ်ငန်းကြီးထုတ်လုပ်မှုကို ဖြစ်ပေါ်စေခြင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အသိုက်အဝန်းကို ဖြစ်ပေါ်စေခြင်း၊ လူထုဆက်သွယ်ရေးကို ကောင်းမွန်စေခြင်း၊ ဒေသ အမှတ်အသားကို ဖြစ်ပေါ်စေခြင်းနှင့် လုပ်ငန်းကြီးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

 

လုပ်ငန်းစုဖွဲ့စည်းခြင်းသည် စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲမှုကဏ္ဍများတွင် အကျိုးကျေးဇူး များစွာ ပေးစွမ်းနိုင်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် အရေးပါသော နည်းလမ်းတစ်ရပ်ဖြစ်ပါသည်။

 

စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေမည့် အစီအစဉ်များ

 

စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အခြေခံစီးပွားရေးအုတ်မြစ်ဖြစ်သကဲ့သို့ အစားအစာဖူလုံမှုနှင့် လူနေမှုဘဝတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်သော ဧရိယာဖော်ဆောင်ခြင်း၊ ဒေသသီးနှံများ ဝယ်ယူမှု/ရောင်းချမှု အစီအစဉ် ရေးဆွဲ နိုင်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းပြခန်းများ ဖော်ဆောင်ခြင်းတို့သည် စိုက်ပျိုးရေးလုပ်ငန်းစုဖွံ့ဖြိုးမှုကို ဖန်တီးပေးနိုင်ပါမည်။

 

စိုက်ပျိုးရေးလုပ်ငန်းစု ဖွဲ့စည်းခြင်းသည် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးကဏ္ဍကို အစီအစဉ်တကျ ဖွံ့ဖြိုး တိုးတက်စေပြီး အစားအစာဖူလုံမှု၊ စီးပွားရေးတိုးတက်မှုနှင့် လူမှုဖွံ့ဖြိုးမှုတို့ကို တစ်ပြိုင်နက်တည်း အားပေးသည့်နည်းလမ်းတစ်ခုဖြစ်သည်။

 

စိုက်ပျိုးရေးလုပ်ငန်းစုဖွဲ့စည်းရန် လိုအပ်ချက်များ

 

လုပ်ငန်းစုတစ်ခု၏အောင်မြင်မှုနှင့် ရေရှည်တည်တံ့မှုသည် ယင်း၏ဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှု အရည်အသွေးများပေါ် မူတည်နေပါသည်။ စိုက်ပျိုးရေးလုပ်ငန်းစုတစ်ခုကို အောင်မြင်စွာ ဖွဲ့စည်း တည်ဆောက်ရန် ရှင်းလင်းသောရည်မှန်းချက်နှင့် ဦးတည်ချက်များရှိခြင်း၊ မူဘောင်ကို စနစ်တကျ တည်ဆောက်ခြင်း၊ ကောင်းမွန်သောဦးဆောင်မှုရှိခြင်း၊ ပြည်သူကိုကိုယ်စားပြုနိုင်ခြင်းနှင့် ပုံမှန်အစည်းအဝေးများကျင်းပခြင်း၊ ဦးစားပေးကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မတူကွဲပြားမှုများကို ညှိနှိုင်းဆောင်ရွက်ခြင်းတို့သည် အရေးကြီးသော အချက်များဖြစ်သည်။

 

အောင်မြင်သော စိုက်ပျိုးရေးလုပ်ငန်းစု

 

စိုက်ပျိုးရေးလုပ်ငန်းစုအဖွဲ့ဝင်များသည် ယေဘုယျအားဖြင့် ပထဝီအနေအထားအရ နီးနီးကပ်ကပ် တည်ရှိခြင်း၊ အကျိုးအမြတ်အားမျှဝေခံစားခြင်း၊ အခက်အခဲများကို ပူးပေါင်းဖြေရှင်းခြင်း၊ လုပ်သား အများအပြား အလုပ်ခန့်ထားနိုင်ခြင်း၊ လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးမှု အသိုက်အဝန်းကိုလေးစားခြင်း၊ တိကျ ပြတ်သားစွာ စီမံခန့်ခွဲနိုင်ခြင်း တို့နှင့်ပြည့်စုံပါက လုပ်ငန်းစုသည် တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါသည်။

 

စိုက်ပျိုးရေးလုပ်ငန်းစု အောင်မြင်နေသောဗီယက်နမ်နိုင်ငံ

 

ယနေ့ ကမ္ဘာ့အဆင့်မြင့်ဆန်တင်ပို့သည့် နိုင်ငံတစ်ခုအဖြစ် တက်လှမ်းလာနိုင်ခဲ့သော ဗီယက်နမ် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် လယ်ယာပူးပေါင်းစနစ်၏ အောင်မြင်မှုနှင့် ချိတ်ဆက်နေသည်။ ဗီယက်နမ် နိုင်ငံ၏ စိုက်ပျိုးရေးသည် အဖွဲ့လိုက်စီမံခန့်ခွဲမှုနှင့် နည်းပညာပေါင်းစပ်အသုံးပြုမှု ကြောင့် ထူးခြားသော တိုးတက်မှုကို ရရှိခဲ့သည်။

 

အစောပိုင်းကာလများတွင် လယ်သမားများသည် သီးခြားစီလုပ်ကိုင်ခဲ့ကြပြီး မျိုးစေ့အရည်အသွေး မတူညီခြင်း၊ ရေအသုံးပြုမှုစနစ်မပြည့်စုံခြင်းနှင့် ဈေးကွက်ဝင်ရောက်ရန် ခက်ခဲခြင်းများကြောင့် ထုတ်လုပ်မှုနှင့် ဝင်ငွေများတိုးတက်မှုမရှိခဲ့ပါ။ ထိုပြဿနာများကိုဖြေရှင်းရန် အစိုးရနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများက လယ်သမားများကို ပူးပေါင်းအဖွဲ့များအဖြစ် စုပေါင်းဖွဲ့စည်းရန် အားပေးခဲ့သည်။

 

ပူးပေါင်းအဖွဲ့များ ဖွဲ့စည်းပြီးနောက် လယ်သမားများသည် မျိုးကောင်းမျိုးသန့်များကို အတူဝယ်ယူ အသုံးပြုနိုင်ခဲ့ကြပြီး ရေအသုံးပြုမှုစနစ်ကို စနစ်တကျ တည်ဆောက်အသုံးပြုနိုင်ခဲ့ သည်။ ထို့အပြင် စိုက်ပျိုးရေးနည်းပညာအသစ်များ၊ မြေဆီလွှာစီမံခန့်ခွဲမှုနည်းလမ်းများနှင့် ပိုးမွှားထိန်းချုပ်မှု နည်းလမ်းများကိုလည်း အဖွဲ့လိုက်လေ့လာပြီး အသုံးချနိုင်ခဲ့သည်။ အရင်းအမြစ်များနှင့် အတွေ့ အကြုံများကို မျှဝေခြင်းကြောင့် ဆန်ထုတ်လုပ်မှုအရေအတွက်နှင့် အရည်အသွေးနှစ်မျိုးလုံး တိုးတက် လာခဲ့ပြီး ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးနိုင်ငံများထဲတွင်ပါဝင်လာ၍ နိုင်ငံ့ဝင်ငွေကို တိုးတက်စေခဲ့သည်။

 

ဗီယက်နမ်နိုင်ငံ၏ လယ်ယာပူးပေါင်းစနစ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲ နိုင်စေပြီး အရင်းအမြစ်များကို ထိရောက်စွာအသုံးချနိုင်သည့်အပြင် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ကိုလည်း မြှင့်တင်ပေးခဲ့သည်။ ထိုအောင်မြင်မှုသည် အခြားဖွံ့ဖြိုးဆဲနိုင်ငံများအတွက်လည်း သင်ခန်းစာ ကောင်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

 

စားနပ်ရိက္ခာဖူလုံစေရေး၊ ပို့ကုန်မြှင့်တင်နိုင်စေရေး

 

စိုက်ပျိုးရေးလုပ်ငန်းစုကို တိကျသောရည်မှန်းချက်၊ ကောင်းမွန်သောစီမံခန့်ခွဲမှု၊ မှန်ကန်သော စီမံကိန်း များ ရေးဆွဲပြီး ပါဝင်သူများအကြား အပြန်အလှန်နားလည်ယုံကြည်မှု၊ တန်ဖိုးထားမှုတို့ဖြင့် ပေါင်းစည်း ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရေး၊ ပို့ကုန်မြှင့်တင်နိုင်စေရေး၊ စက်မှုလုပ်ငန်း တိုးတက်စေရေးတို့ အားကောင်းလာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။

 

References;

 

- FAO (Food and Agriculture Organiza- tion): Cooperative farming and agricultural development case studies; https://www.fao.org

 

- Ministry of Agriculture and Rural Development (MARD, Vietnam); Annual Agricultural Reports.

No comments

Powered by Blogger.