၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 


နေပြည်တော် အောက်တိုဘာ ၁၃

အားကစားရေးရာ ဝန်ကြီးဌာနက ကြီးမှူးပြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ်  ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ”   ဖွင့်ပွဲအခမ်းအနားကို   ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့  အားကစားရေးရာဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊   လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊  ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးစိုင်းထွန်းညို၊ ဦးနေမျိုးလှိုင်၊ ဒေါက်တာနေခြည်လဲ့လဲ့သိန်း၊ ဦးလင်းအောင်၊ ဦးသိုက်စိုး၊  ဦးခင်လတ်ကြီး၊ ဒေါက်တာသောင်းနိုင်ဦး၊  ဦးမျိုးကျော်သူ၊ ဦးမျိုးမြင့်၊ ဌာနဆိုင်ရာများမှ  တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်    တာဝန်ရှိသူများ၊  ဝန်ကြီးဌာနများအလိုက် ပြိုင်ပွဲဝင်အသင်းများမှ  အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အစီအစဉ်အရ  ပြိုင်ပွဲဝင် အားကစားသမားများ ကွင်းအတွင်းနေရာယူကြပြီး  အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားကာ “၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ   ပြေးခုန်ပစ်ပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးသည်။

ဆက်လက်ပြီး အစီအစဉ်အရ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုကြပြီး  အားကစားရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ပြည်ထောင်စုဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ပြီး ပြိုင်ပွဲတွင်ပါဝင်ကူညီအားဖြည့်ပေးခဲ့သည့်   ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၅ သိန်းကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် ဒုတိယဝန်ကြီးများနှင့်အတူ ပြေးခုန်ပစ်အားကစားသမားများ၏  ပြိုင်ပွဲအမျိုးအစားအလိုက်  ဗိုလ်လုပွဲ   ပွဲစဉ်ယှဉ်ပြိုင်နေမှုများကို    ကြည့်ရှုအားပေးပြီး အမျိုးသမီး သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က လည်းကောင်း၊ အမျိုးသားသံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုကလည်းကောင်း၊ အမျိုးသားအလျားခုန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ များအား လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမောင်သင်းက  လည်းကောင်း၊ အမျိုးသမီး မီတာ ၁၀၀၀၀ ပြိုင်ပွဲတွင်  ပထမ၊  ဒုတိယ၊  တတိယဆုရရှိသူများအား  အားကစားရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက   လည်းကောင်း၊ အမျိုးသား မီတာ ၁၀၀၀၀ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား  တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်ကလည်း ကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်အားကစားပြိုင်ပွဲ အမျိုးသား မီတာ(၄၀၀) ဗိုလ်လုပွဲ ပွဲစဉ်တွင် ဝန်ကြီးဌာနပေါင်းစုံ  ပြေးခုန်ပစ်ပြိုင်ပွဲ၏ စံချိန်သစ်ကို အောင်မြင်စွာတင်နိုင်ခဲ့သည့်  ဆောက်လုပ်ရေးဝန်ကြီးဌာန ကိုယ်စားပြုအားကစားသမား ဟိန်းထက်အောင်သည်  48.01 စက္ကန့်ဖြင့်  ပန်းဝင်ခဲ့သည့်အတွက်  အားကစားသမားနှင့်  နည်းပြတို့အား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ  ဦးရှိန်ဝင်းတို့က  ဂုဏ်ပြုချီးမြှင့်ငွေများကို   ပေးအပ်ချီးမြှင့်သည်။

အဆိုပါ စံချိန်သည် ၁၉၈၉ ခုနှစ်တွင်  ကုန်သွယ်ရေးဝန်ကြီးဌာနမှ အားကစားသမား  ထွန်းဝင်းသိန်း တင်ခဲ့သည့် 48.50 စက္ကန့် စံချိန်ဟောင်းကို   0.49  စက္ကန့်ဖြင့် ကျော်လွန်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၃၇  နှစ်ကြာ တည်ရှိခဲ့သည့် စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည့်အပြင် ၁၉၉၁ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အားကစားသမား ဌေးဝင်းတင်ခဲ့သည့် အမျိုးသား မီတာ(၄၀၀) စံချိန် 48.63 စက္ကန့်ထက်လည်း ပိုမိုကောင်းမွန်သော စံချိန်ဖြင့် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။   ဌေးဝင်း၏  စံချိန်မှာ Electronic Timing (ET) စနစ်ဖြင့် မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး ဟိန်းထက်အောင်၏  ယခုစံချိန်မှာ Hand Timing (HT) စနစ်ဖြင့် မှတ်တမ်းတင်ထားခြင်းဖြစ်သဖြင့် အချိန်တိုင်းတာမှုစနစ်   ကွဲပြားခြားနားမှုကို  ထည့်သွင်းစဉ်းစား၍ စံချိန်နှစ်ရပ်စလုံးကို  သီးခြားမှတ်တမ်းများအဖြစ် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ အသိအမှတ်ပြုဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မျိုးဆက်သစ်ပြေးခုန်ပစ် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ပြေးခုန်ပစ်အားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ရည်ရွယ်၍ “၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ  ပြေးခုန်ပစ်ပြိုင်ပွဲ” ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှ ၁၆ ရက်အထိ ပြိုင်ပွဲကာလ လေးရက်ကြာဖြင့် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများမှ   ပြိုင်ပွဲဝင် စုစုပေါင်းအင်အား ၄၈၇    ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။   

သတင်းစဉ်

No comments

Powered by Blogger.