အိန္ဒိယနိုင်ငံ၌ကျင်းပပြုလုပ်သော အိန္ဒိယ-မြန်မာတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးဘောလုံးအဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ



နေပြည်တော် အောက်တိုဘာ ၂၄


အိန္ဒိယ - မြန်မာ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာလာစေရန်အတွက် အိန္ဒိယနိုင်ငံ၌ ကျင်းပပြုလုပ်သော ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကစားခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်သိန်းနိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးဘောလုံး အဖွဲ့သည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြရာ နေပြည်တော်လေဆိပ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


အဆိုပါ မြန်မာ့တပ်မတော် ချစ်ကြည်ရေးဘောလုံးအဖွဲ့တွင် အုပ်ချုပ်သူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစား သမားများ စုစုပေါင်း ၃၀ လိုက်ပါသွားပြီး အိန္ဒိယတပ်မတော်မှ ဘောလုံးအသင်းများနှင့် အောက်တိုဘာ ၂၁ ရက်တွင် ပွဲစဉ်(၁)အဖြစ်လည်းကောင်း၊ ၂၃ ရက်တွင် ပွဲစဉ်(၂)အဖြစ်လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ထို့အပြင် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ဘောလုံးအဖွဲ့သည် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း အိန္ဒိယနိုင်ငံ Bengaluru မြို့ရှိ Iskcon Temple၊ Nandroling Monastery၊ Mysore Palace နှင့် မြို့တွင်းရှိ အခြားအထင်ကရ နေရာများသို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.