မလေးရှားနိုင်ငံ၌ လေထုအရည်အသွေးပိုမိုဆိုးရွားလာသဖြင့် ကျောင်းပိတ်ထားမှုများ တိုးချဲ့လုပ်ဆောင်



အောက်တိုဘာ ၉

မလေးရှားနိုင်ငံတွင် မီးခိုးမြူထူထပ်မှုကြောင့် လေထုအရည်အသွေး ပိုမိုဆိုးရွားလာသဖြင့် ကျောင်းများ ပိတ်ထားရမှုကို ယနေ့တွင် ပြည်နယ်အများအပြားအထိ တိုးချဲ့လိုက်ကြောင်း ဖော်ပြထားသည်။ နိုင်ငံ၏ မြို့တော်ကွာလာလမ်ပူနှင့် အုပ်ချုပ်ရေးမြို့တော် ပူထရာဂျာယာတို့အပြင် ပြည်နယ်အချို့ရှိ ကျောင်းများကိုလည်း ပိတ်ထားခဲ့သည်ဟု သိရသည်။

လေထုညစ်ညမ်းမှုညွှန်းကိန်း အေပီအိုင် (API) ၁၈၀ ကျော်ရှိသော ဒေသများရှိ ကျောင်းများကို ယနေ့မှစ၍ ပိတ်သိမ်းမည်ဖြစ်ပြီး အေပီအိုင် ၁၅၀ ကျော်ရှိသော ဒေသများရှိ ကျောင်းများကို အောက်တိုဘာ ၁၂ ရက်မှစ၍ ပိတ်သိမ်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ယမန်နေ့နှောင်းပိုင်းက ကြေညာချက်တစ်စောင်တွင် ပြောကြားထားသည်။

နိုင်ငံ၏ လေထုအရည်အသွေး အဆင့်သတ်မှတ်ချက်အရ အေပီအိုင် သုညမှ ၅၀ အထိသည် ကောင်းသည်၊ ၅၁ မှ ၁၀၀ အထိသည် အလယ်အလတ် ၊ ၁၀၁ မှ ၂၀၀ အထိသည် ကျန်းမာရေးနှင့် မညီညွတ်၊ ၂၀၁ မှ ၃၀၀ အထိသည် အလွန်ကျန်းမာရေးနှင့် မညီညွတ်နှင့် ၃၀၁ နှင့်အထက်သည် အန္တရာယ်ရှိသည်ဟု သိရသည်။


နိုင်ငံ၏ လေထုညစ်ညမ်းမှုညွှန်းကိန်း စီမံခန့်ခွဲရေးစနစ် (Air Pollutant Index Management System) မှ အချက်အလက်များအရ မွန်းလွဲ ၁ နာရီအထိ မလေးရှားကျွန်းဆွယ်တစ်ဝန်းရှိ ဒေသအများစုတွင် လေထုအရည်အသွေးသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အဆင့်သို့ ရောက်ရှိနေကြောင်း သိရသည်။

အထူးသဖြင့် နိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဆလန်ဂေါ (Selangor)၊ ဂျိုဟိုး (Johor) နှင့် နီဂရီဆမ်ဘီလန် (Negeri Sembilan) ပြည်နယ်များတွင် လေထုညစ်ညမ်းမှုဒဏ်ကို ပိုမိုပြင်းထန်စွာ ခံစားနေရကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.