ဘရူနိုင်း၌ အာဆီယံဒေသတွင်းနိုင်ငံများ၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဆိုင်ရာ အစည်းအဝေးများ ကျင်းပ

 


ဘန်ဒါဆရီဘီဂါဝမ်    အောက်တိုဘာ    ၂၀

ဘရူနိုင်းနိုင်ငံသည် အာဆီယံဒေသတွင်းနိုင်ငံများ၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဆိုင်ရာ အစည်းအဝေးများကို မြို့တော်ဘန်ဒါဆရီဘီဂါဝမ်မြို့တွင် အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက်အထိ လက်ခံကျင်းပနေကြောင်း သိရသည်။ 

အဆိုပါအစည်းအဝေးများတွင် အာဆီယံနိုင်ငံများမှ တာဝန်ရှိသူများသည် MSME လုပ်ငန်းများအား ဒီဂျစ်တယ်စနစ်သို့ ကူးပြောင်းခြင်း၊ ရေရှည်တည်တံ့သော လုပ်ဆောင်မှုများနှင့် ဈေးကွက်သစ်များသို့ ဝင်ရောက်နိုင်ခွင့်တို့ကို ပံ့ပိုးပေးမည့်အစီအစဉ်များကို ဆွေးနွေးမည်ဖြစ်သည်။

အာဆီယံအဖွဲ့၏   အသေးစား၊   အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (ACCMSME)၏ (၂၂)ကြိမ်မြောက်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဘရူနိုင်းနိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (METI)နှင့်  ဘရူနိုင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ (BEDB) တို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ကြောင်း ဘရူနိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအား ဈေးကွက်သစ်များသို့ ဝင်ရောက်နိုင်ရန်၊ ပြောင်းလဲနေသော ဈေးကွက်လိုအပ်ချက်များနှင့် ကိုက်ညီစေရန်နှင့် ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်များတစ်လျှောက်ရှိ ဝယ်ယူသူများ၊ မိတ်ဖက်များနှင့် ချိတ်ဆက်နိုင်ရန် ကူညီပေးမည်ဖြစ်ကြောင်း ဘရူနိုင်းနိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် မိုဟာမက် ယူဆရီ ဟာဂျီဂျူနဒီက ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ဆွေးနွေးဖက်နိုင်ငံများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။

ဘရူနိုင်းနိုင်ငံသည် ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းစဉ်များကို မြှင့်တင်ရန်နှင့် ပိုမိုပေါင်းစည်းမှုရှိသော၊ အားလုံးပါဝင်နိုင်သော၊ ခံနိုင်ရည်စွမ်းအားရှိသော အာဆီယံစီးပွားရေးစနစ်တစ်ခု ဖြစ်ပေါ်လာစေရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊  အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့်အတူ ရင်းနှီးစွာပူးပေါင်းဆောင်ရွက်သွားမည့်   ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြောင်း သိရသည်။                                                                    

ဆင်ဟွာ

No comments

Powered by Blogger.