အမေရိကန်နိုင်ငံ၌ ရောဂါပိုး ၁၉ မျိုးကြောင့် နှစ်စဉ် လူပေါင်း ၅၀၈၀၀ သေဆုံး



အောက်တိုဘာ ၂၉

အမေရိကန်နိုင်ငံတွင် ရောဂါပိုး ၁၉ မျိုးကြောင့် နှစ်စဉ် ကူးစက်ခံရသူ ၉ ဒသမ ၇ သန်းခန့်နှင့် သေဆုံးသူ ၅၀၈၀၀ ခန့် ရှိကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန စီဒီစီက အထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်စောင်တွင် ခန့်မှန်းဖော်ပြထားသည်။

၂၀၂၆ ခုနှစ် ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာခြိမ်းခြောက်မှုအစီရင်ခံစာသည် ဆေးယဉ်ပါးသော ဘက်တီးရီးယားများ၊ မှိုများနှင့် Clostridioides difficile ဟုခေါ်သော ဘက်တီးရီးယားကြောင့် ဖြစ်ပွားသည့် ကူးစက်ရောဂါများ၏သက်ရောက်မှုကို ယနေ့အထိအပြည့်စုံဆုံးခန့်မှန်းဖော်ပြထားသော အစီရင်ခံစာ ဖြစ်သည်ဟု စီဒီစီ၏ပြောကြားချက်အရ သိရသည်။

အဆိုပါအစီရင်ခံစာတွင် အမေရိကန်ပြည်ထောင်စုရှိ ပြည်သူ့ကျန်းမာရေးအပေါ် ခြိမ်းခြောက်မှု အဆင့်အလိုက် ရောဂါပိုး ၁၉ မျိုးကို အမျိုးအစားခွဲခြားထားရာ အရေးပေါ်ခြိမ်းခြောက်မှု လေးမျိုး၊ ပြင်းထန်သောခြိမ်းခြောက်မှု ၁၃ မျိုးနှင့် စိုးရိမ်ဖွယ်ခြိမ်းခြောက်မှုများ နှစ်မျိုးတို့ဖြစ်သည်။

အရေးပေါ်ခြိမ်းခြောက်မှုလေးမျိုးမှာ Candida auris (C. auris)၊ carbapenem-resistant Acinetobacter၊ carbapenem-resistant Enterobacterales နှင့် ဆေးယဉ်ပါးသော Neisseria gonorrhoeae တို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာအရ ဆေးယဉ်ပါးသော C. auris မှိုပိုးကူးစက်မှုများသည် ၂၀၁၉ ခုနှစ်မှစ၍ ဆယ်ဆအထိ မြင့်တက်လာခဲ့ပြီး အချို့သော မှိုမျိုးကွဲများသည် လက်ရှိအသုံးပြုနိုင်သည့် မှိုသတ်ဆေးအမျိုးအစားများကိုပင် ခံနိုင်ရည်ရှိနေကြောင်း ဖော်ပြထားသည်။

ဆေးယဉ်ပါးမှုကိုဖြစ်စေသည့် မျိုးဗီဇများလျင်မြန်စွာပျံ့နှံ့လာခြင်းကိုလည်း အစီရင်ခံစာတွင် အလေးပေး ဖော်ပြထားသည်။ ယင်းကြောင့် ရောဂါပိုးကူးစက်မှုများကို ကုသရန် ပိုမိုခက်ခဲလာနိုင်ပြီး လူနာများ သေဆုံးနိုင်ခြေလည်း ပိုမိုမြင့်တက်လာနိုင်သည်ဟု သိရသည်။

ပိုးမွှားများကဆေးဝါးများကိုခံနိုင်ရည်ရှိလာခြင်းသည် ခေတ်မီဆေးပညာ၏တိုးတက်မှုကိုခြိမ်းခြောက် နေပြီး နှစ်စဉ် အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာကို အန္တရာယ်ဖြစ်စေလျက်ရှိသည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန၏ညွှန်ကြားရေးမှူး Erica Schwartz က ပြောကြားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။

အရည်အသွေးမြင့်မားပြီး ယုံကြည်စိတ်ချရသောအချက်အလက်များသည် လက်တွေ့ကျသော အရေးယူဆောင်ရွက်မှုများကို အထောက်အကူပြုသည်။ ဆေးယဉ်ပါးသော ပိုးမွှားများကြောင့် ဖြစ်ပွားသည့် ကူးစက်ရောဂါများမှ ပြည်သူများကိုကာကွယ်နိုင်ရန် လွယ်ကူစွာရယူဖတ်ရှုနိုင်သော သတင်း အချက်အလက်များကို ပံ့ပိုးပေးရန် စီဒီစီက ကတိပြုထားသည်ဟု ၎င်းက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.