၂၀၂၆ ခုနှစ် (၅)ကြိမ်မြောက် အာရှမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် မြန်မာရေကူးအားကစားအဖွဲ့မှ ညီညီလင်းထက်က ဒုတိယမြောက်ကြေးတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရရှိ

 


နေပြည်တော် အောက်တိုဘာ ၂၀

ဂျပန်နိုင်ငံ   နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့်   (၅)ကြိမ် မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ မြန်မာ မသန်စွမ်းအားကစားအဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ကျော်ကျော်ဦးနှင့်အတူ မြန်မာနိုင်ငံ  မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ (လေ့ကျင့်) ဦးဝင်းမြင့်၊ အုပ်ချုပ်သူ/နည်းပြများနှင့် မသန်စွမ်းအားကစားသမား စုစုပေါင်း ၁၅ ဦးတို့သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းမှစတင်၍   ပြေးခုန်ပစ်၊  ရေကူးအားကစားနည်း နှစ်နည်းတို့တွင်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာမသန်စွမ်း  ရေကူးအားကစားအဖွဲ့သည်  ယနေ့ မသန်စွမ်းရေကူးအားကစားနည်း အမျိုးသား မီတာ ၅၀ ရင်ပေါင်တန်းကူး(Men’s 50 m Breast-stroke SB3 ) ပြိုင်ပွဲတွင်  ဂျပန်၊ တောင်ကိုရီးယား၊ ကာဇက်စတန်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာအသင်းတို့   ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ  မြန်မာအသင်းမှ ညီညီလင်းထက်က ၅၉.၃၀ စက္ကန့်ဖြင့်  မြန်မာနိုင်ငံအတွက် ဒုတိယမြောက်  ကြေးတံဆိပ်ဆု ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူး ရယူပေးနိုင်ခဲ့သည်။

မြန်မာမသန်စွမ်း အားကစားအဖွဲ့အနေဖြင့် အောက်တိုဘာ ၂၁ ရက် ၁၈:၅၀ နာရီတွင် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲများအဖြစ် အမျိုးသားမီတာ ၁၀၀ ပြေးခုန်ပစ် ပြိုင်ပွဲ၌ မြန်မာအသင်းမှ စိုးပေ ကလည်းကောင်း၊ ၁၉:၅၈ နာရီတွင်    အမျိုးသမီး   မီတာ ၁၀၀  ပြေးခုန်ပစ်ပြိုင်ပွဲတွင် လော်လာဝင်းတို့ကလည်းကောင်း  ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး  ရေကူးအားကစားနည်းမှ ပြိုင်ပွဲယှဉ်ပြိုင် ရန်မရှိပါကြောင်းနှင့် အောက်တိုဘာ  ၂၂ ရက်တွင် မြန်မာအသင်းမှ ညီညီလင်းထက်က အမျိုးသား မီတာ ၁၅၀ တစ်ဦးချင်း လေးမျိုးကူးနှင့် ၂၃ ရက်တွင် မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲတို့ကိုလည်းကောင်း အသီးသီးဆက်လက် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.