အင်ဒိုနီးရှားနိုင်ငံ၌လေထုညစ်ညမ်းမှုကြောင့်စက်တင်ဘာလတွင်သေဆုံးမှုနှုန်း ၄၂ ရာခိုင်နှုန်း မြင့်တက်လာ
အောက်တိုဘာ ၃၀
အင်ဒိုနီးရှားနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် သေဆုံးမှုများသည် သြဂုတ်လတွင် ခန့်မှန်းခြေ ၃၇၄၀ မှ စက်တင်ဘာလတွင် ၅၃၁၀ အထိ ၄၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အဓိကအားဖြင့် ကျယ်ပြန့်သော တောမီးများနှင့် မြေယာမီးလောင်ကျွမ်းမှုများကြောင့် ဖြစ်ပေါ်လာကြောင်း ဟယ်လ်ဆင်ကီအခြေစိုက် အတွေးအခေါ်အဖွဲ့တစ်ခု၏ နောက်ဆုံးအစီရင်ခံစာအရ သိရသည်။
တောမီးနှင့် မြေယာမီးလောင်ကျွမ်းမှုများမှထုတ်လွှတ်သော မီးခိုးများကြောင့် စက်တင်ဘာလတွင် ခန့်မှန်းခြေ သေဆုံးသူ ၃၅၆၀ ဦး ရှိခဲ့ရာ သြဂုတ်လ ခန့်မှန်းချက်ထက် နှစ်ဆတိုးလာခြင်းဖြစ်ပြီး မြို့ပြနှင့် စက်မှုလုပ်ငန်းမှမီးခိုးများကြောင့် နောက်ထပ်သေဆုံးသူ ၁၇၅၀ ဦး ရှိခဲ့ကြောင်း စွမ်းအင်နှင့် သန့်ရှင်းသောလေထုဆိုင်ရာသုတေသနဌာနက ယမန်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကာလီမန်တန်ရှိ ပြည်နယ်လေးခုတွင် လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူ ၉၄ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိရှိပြီး ဆူမားတြားရှိ ပြည်နယ်များစွာတွင် ၈၀ ရာခိုင်နှုန်းကျော် ရှိကြောင်းနှင့် ဂျာဗားတွင် သေဆုံးမှုများသည် တောမီးထက် မြို့ပြလေထုညစ်ညမ်းမှုနှင့် စက်မှုလုပ်ငန်းများမှ ထွက်ရှိသော ညစ်ညမ်းပစ္စည်းများကြောင့် အဓိကဖြစ်ပွားနေကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် လူအချို့ သေဆုံးခဲ့ရရုံသာမက လူဦးရေ ၅၇ ဒသမ ၈ သန်းခန့်သည်လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် လေထုညစ်ညမ်းမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
အင်ဒိုနီးရှားနိုင်ငံ၏ကျန်းမာရေးဝန်ကြီးဌာနမှ အချက်အလက်များအရ အောက်တိုဘာ ၂၁ ရက်နေ့အထိ ထိခိုက်ခံရသော ဒေသများစွာတွင် တောမီးနှင့် မြေယာမီးလောင်မှုများနှင့် ဆက်စပ်နေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု ၃၃၃၄၇၀ ရှိသည်ဟု သိရသည်။
တောမီးကြောင့် ဖြစ်ပေါ်လာသော သေဆုံးမှုများသည် အယ်လ်နီညိုကြောင့် ပိုမိုဆိုးရွားလာသည့် မိုးခေါင်ရေရှားမှုနှင့် ဆက်စပ်နေသဖြင့် တောမီးပြဿနာကို ဖြေရှင်းရန် မီးငြှိမ်းသတ်ရေးတစ်ခုတည်းဖြင့် လုံလောက်မှုမရှိပဲ သစ်ဆွေးမြေများ ပြန်လည်ထူထောင်ရေး၊ တောမီးကြိုတင်ကာကွယ်ရေးနှင့် တရားမဝင်သစ်တောရှင်းလင်းမှုများကို ထိရောက်စွာ အရေးယူရေးတို့ကိုပါ တစ်ပြိုင်နက်ဆောင်ရွက်ရန် လိုအပ်ကြောင်း စွမ်းအင်နှင့် သန့်ရှင်းသောလေထုဆိုင်ရာသုတေသနဌာနက တိုက်တွန်းထားခြင်းဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
.jpg)
No comments