ထရမ့်က ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးပွဲများ ပြုလုပ်
ဝါရှင်တန် အောက်တိုဘာ ၁၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က
ကင်တပ်ကီပြည်နယ်၌ လူထုစုဝေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ
အနိုင်ရရှိပါက ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါပြည်နယ်ရှိ ဆေးဝါးထုတ်လုပ်ရေး စက်ရုံတစ်ခုတွင်
ရင်းနှီးမြှုပ်နှံသွားမည်ဟု ကတိပြုပြောကြားခဲ့သည်။
ထို့ပြင် အရွယ်ရောက်ပြီးသူ
နိုင်ငံသားတစ်ဦးစီအား အမေရိကန်ဒေါ်လာ ၅၀၀၀ ပေးအပ်မည့် ၎င်း၏
“ထရမ့် အကျိုးအမြတ်ဝေစု” (Trump dividend) အစီအစဉ်ကိုလည်း
ထပ်မံပြောကြားခဲ့သည်။
ကင်တပ်ကီပြည်နယ်သည်
ပုံမှန်အားဖြင့် ရီပတ်ဘလစ်ကန်ပါတီ အားကောင်းသည့် နယ်မြေတစ်ခုဖြစ်သည်။ သို့သော် ကုန်ဈေးနှုန်းများ
မြင့်တက်လာမှုကြောင့် ကြိုးစားလုပ်ကိုင်စားသောက်နေသည့် မိသားစုများ အခက်အခဲကြုံတွေ့နေရချိန်တွင် ထရမ့်သည် မမှန်ကန်သော ကတိများပေးနေပြီး ဘဝအခြေအနေများ ယခင်ကထက် ပိုမိုကောင်းမွန်နေသည်ဟု ပြောဆိုနေကြောင်း ဒီမိုကရက်တစ်ပါတီဝင် ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒီဘီရှီးယားက
ဝေဖန်ခဲ့သည်။
ထရမ့်သည် အိုဟိုင်းယိုးပြည်နယ်တွင်လည်း
လူထုစုဝေးပွဲတစ်ရပ်သို့ တက်ရောက်ခဲ့သည်။ အဆိုပါပြည်နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လူထုသဘောထားစစ်တမ်းများအရ
ယှဉ်ပြိုင်မှုမှာ အကြိတ်အနယ် ရှိနေပြီး မည်သူအနိုင်ရမည်ကို ခန့်မှန်းရန်ခက်ခဲလျက်ရှိသည်။
ထရမ့်က အိုဟိုင်းယိုးပြည်နယ်တွင် ရေတပ်ရေငုပ်သင်္ဘော ပြုပြင်ရေးစက်ရုံတစ်ခု တည်ဆောက်ပေးမည်ဟု
ကတိပြုခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲများ
ကျင်းပရန် နှစ်ပတ်ခန့်သာလိုတော့ချိန်တွင် ထရမ့်သည် နိုင်ငံတစ်ဝန်း လှည့်လည်ကာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို
ဆောင်ရွက်လျက်ရှိသည်။ ၎င်း၏ လူထုထောက်ခံမှုနှုန်း နိမ့်ကျနေခြင်းကြောင့် ရွေးကောက်ပွဲမတိုင်မီ
မဲဆွယ်စည်းရုံးမှုများကို ပိုမိုအရှိန်မြှင့်တင်လာသည်ဟု ယူဆရကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ

No comments