အာဖဂန်နစ္စတန်တွင် ပိုလီယိုရောဂါ ကူးစက်ခံရသူခြောက်ဦး ထပ်မံတွေ့ရှိ
အောက်တိုဘာ ၂၃
အာဖဂန်နစ္စတန်နိုင်ငံတွင် ပိုလီယိုဗိုင်းရပ်စ် အမျိုးအစား ၁ (WPV1) ကူးစက်ခံရသူခြောက်ဦး အတည်ပြုနိုင်ခဲ့ကြောင်း ကမ္ဘာ့ပိုလီယိုရောဂါ အမြစ်ပြတ်တိုက်ဖျက်ရေး အစီအစဉ်က ထုတ်ပြန်ခဲ့သည်။
ယခုထပ်မံတွေ့ရှိမှုများကြောင့် ၂၀၂၆ ခုနှစ်အတွင်း အတည်ပြုထားသော ပိုလီယိုရောဂါ ကူးစက်မှုစုစုပေါင်း ၄၂ ဦး အထိ မြင့်တက်လာခဲ့သည်ဟု သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်တစ်နှစ်လုံးတွင် ပိုလီယိုရောဂါ ကူးစက်ခံရသူ ၂၁ ဦးသာ ရှိခဲ့သဖြင့် ယခုနှစ်တွင် ကူးစက်မှုအရေအတွက် သိသိသာသာ မြင့်တက်လာကြောင်း ဖော်ပြထားသည်။
အာဖဂန်ကျန်းမာရေးအာဏာပိုင်များက ယခုကူးစက်မှုများ မြင့်တက်လာရခြင်းသည် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံမှ အာဖဂန်ဒုက္ခသည်များ အများအပြား နေရပ်ပြန်ဝင်လာခြင်းနှင့် ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံတွင်လည်း ပိုလီယိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့သည် ကမ္ဘာပေါ်၌ သဘာဝအလျောက် ဖြစ်ပွားနေသော ပိုလီယိုဗိုင်းရပ်စ် ကူးစက်မှု ပပျောက်မှုမရှိသေးသည့် နိုင်ငံနှစ်နိုင်ငံ ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments