ဂရိကမ်းခြေစောင့်တပ်ဖွဲ့၏ကင်းလှည့်ရေယာဉ်နှင့် ရွှေ့ပြောင်းဝင်ရောက်သူများ တင်ဆောင်လာသည့် စပိဘုတ်တိုက်မိသဖြင့် ခြောက်ဦး သေဆုံး
အောက်တိုဘာ ၁၉
အီဂျီယံပင်လယ်အရှေ့ပိုင်းရှိ လက်စ်ဗို့စ်ကျွန်းအနီးတွင် ရွှေ့ပြောင်းဝင်ရောက်သူများကို တင်ဆောင်လာသည့်စပိဘုတ်တစ်စင်းသည် ဂရိကမ်းခြေစောင့်တပ်ဖွဲ့၏ကင်းလှည့်ရေယာဉ်နှင့် တိုက်မိခဲ့သဖြင့် မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း ဂရိအာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါစပိဘုတ်သည် ကမ်းခြေစောင့်တပ်ဖွဲ့၏စစ်ဆေးမှုကို ရှောင်တိမ်းရန်ကြိုးပမ်းစဉ် ယနေ့နံနက်အစောပိုင်းတွင် တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ထိုမော်တော်ဘုတ်တိမ်းမှောက်ပြီး နစ်မြုပ်သွားပြီးနောက် အမျိုးသား လေးဦး၊ အမျိုးသမီးတစ်ဦးနှင့် မွေးကင်းစကလေးငယ် ၁ ဦးတို့၏ ရုပ်အလောင်းများကို ဆယ်ယူရရှိခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။ အမျိုးသား လေးဦး၊ အမျိုးသမီးနှစ်ဦးနှင့် ကလေး နှစ်ဦးအပါအဝင် လူ ရှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်ခဲ့ပြီး အခြားပျောက်ဆုံးနေသူများ မရှိကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။ လူမှောင်ခိုကူးမှုဖြင့် သံသယရှိခံရသော အသက် ၃၇ နှစ်အရွယ် တူကီယဲနိုင်ငံသား လှေမောင်းသူကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments